"မြချင်း သမီး... ဒီနေ့ ပြန်လာတာ စောသားပဲ....
သေနတ်ပစ်တာ လက်ရည်တက်လာတယ်လို့ နည်းပြကပြောတယ်...."
ဧည့်ခန်းထဲတွင် ထိုင်ကာ စောင့်ကြိုနေသူက ဖခင်ပင်။
ဟုတ်ပေသည်။ ဖေဖေက သူ့ကို စောင့်ကြည့်ဖို့ လူတွေလွှတ်ထားတာမှ ဒုနဲ့ဒေး မည်သူက စပိုင်မှန်းဆိုတာကို မသိသာစေလောက်အောင် ဖေဖေက အားလုံးကို လေ့ကျင့်ပေးထားသည်လေ။
"သေနတ်ထက် ဓားကို ပိုကြိုက်တာကို...."
မြချင်း ထိုသို့ပြောတော့ ဖေဖေ့မျက်နှာက ကွက်ခနဲကို ပျက်သွားသည်။
မြချင်းစေတန် ဆိုတဲ့ အမျိုးသမီး က သေနတ်ပစ်ရာတွင် သေနတ်မျိုးစုံကို ကျွမ်းကျင်စွာ ပစ်ခတ်တတ်ပေမယ့် ဓားသုံးရာလောက်တော့ စိတ်မကျေနပ်ပေ။
ဓားသုံးချိန်တွင် ဓားမြှောင်ကို ပိုသဘောကျပြီး ပေါ့ပါးတဲ့ ဓားမြှောင်နဲ့ သားကောင်ကို ထိုးရာတွင် ထွက်လာသော သွေးများကို အရသာခံပြီး ထိုင်ကြည့်ရသည်အား မြချင်း သိပ်သဘောကျပါသည်။
အမတ်ချုပ်သမီးဖြစ်ရတာ သိပ်ကို ကံကောင်းတာပဲလို့ ထင်သူများကတော့ ကိုယ်တိုင်မကြုံဖူးလို့ပင်။
တကယ်တော့ မြချင်းစေတန် က တစ်ဦးတည်းသောသမီးအဖြစ် ရှင်သန်လာရာကနေ မေမေ က ဒုတိယကိုယ်ဝန်ကို စတင်လွယ်လာရပြီး ထိုကိုယ်ဝန်က ယောက်ျားလေးမှန်း သိလည်း သိရော မြချင်း ကို ပေးသည့် အချစ်များအားလုံးက ထို မွေးမလာသေးသည့် ဗိုက်အပေါ်ကိုသာ ရောက်ကုန်သည်။
ပိုဆိုးသည်က ထိုကလေး မွေးလာတော့ မြချင်း မှာ အိမ်တွင် လူပိုကြီးတစ်ယောက်လိုဖြစ်နေပြီ။
ထို့ကြောင့် ငါ့မှာ ငါပဲ ရှိတယ် ဆိုတဲ့ စိတ်ကို မွေးကာ တစ်ယောက်ထဲသာ အခန်းတွင်းအောင်းပြီး မည်သူနဲ့မျှလည်း စကားအပြောအဆို သိပ်မလုပ်တော့ပေ။
တစ်နေ့ မြချင်း တို့ အိမ်နားတွင် ကြောင်လေးတစ်ကောင် ဒဏ်ရာရထား၍ အော်ငိုနေလေသည်။ ထိုသည်ကို နောက်ဆုံးစာမေးပွဲ နီးနေသည့် မြချင်း က စာထဲကို အာရုံမစိုက်နိုင်သောကြောင့် ထိုကြောင်လေးအား လက်ထဲတွင် ကိုင်ထားသော ဘောပင်ဖြင့် ထိုးသတ်လိုက်လေသည်။