အတ္တဆိပ်/အတၲဆိပ္-12

507 21 2
                                    

#Unicode

ခွန်းတစ်ယောက် ဒီမနက်စိတ်ကြည်လင်မှုမရှိ။ခေါင်းအတွင်းပိုင်းက လေးလံနေပြီး ကိုယ်လက်တွေလည်း ထုံကျင်ကိုက်ခဲနေသည်။သန်းခေါင်အချိန်ကတည်းက အိပ်မက်တစ်ခုကြောင့် အလန့်တကြား နိုးထလာတဲ့ ခွန်းက ဒီမနက်ထိ ပြန်အိပ်မရပေ။အိပ်ယာထဲမှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ ကြိုးစားပြီး အိပ်ကြည့်ပေမဲ့ သူအိပ်မရ။ထိုအိပ်မက်ကိုလည်း ခေါင်းထဲကထုတ်မရဘဲ ပြန်တွေးနေမိသည်။

အိပ်မက်ထဲမှာ ခွန်းနဲ့အက္ခရာက သဲသောင်ပြင်မှာ ဘေးချင်းကပ်ရပ် အနေအထားနှင့် နေဝင်ချိန်ကိုကြည့်နေကြသည်။ခွန်းက အဖြူရောင် လက်ရှည်အပါးနှင့် အဖြူရောင်ဘောင်းဘီအရှည်ကို ဝတ်ထားသည်။အက္ခရာကတော့ ပုံမှန်အတိုင်းသာ ရှပ်အင်္ကျီနှင့် လုံချည်ကို ဝတ်ထားသည်။သူ့လက်ကိုအသာလေး ဆုပ်ကိုင်လာတဲ့ အက္ခရာကို ကြည့်လိုက်တော့ အပြုံးချိုချိုလေးနှင့် ပြုံးပြနေသည်။သူလည်း အက္ခရာလက်ကို တင်းကြပ်စွာ ပြန်ဆုပ်ကိုင်ရင်း ပြုံးပြနေသည်။ရုတ်တရတ် သဲသောင်တစ်ခုလုံး အမှောင်ထုက ဖုံးလာပြီး ဘာမှမမြင်ရတော့ပေ။အက္ခရာလက်ကိုလည်း မကိုင်ထားမိတော့တာမို့ ခွန်း စိုးရိမ်ထိတ်လန့်စွာ အက္ခရာနာမည်ကို အော်ခေါ်နေမိသည်။ဘာမှတုံ့ပြန်မှုမရှိတာမို့ ခွန်းတစ်ယောက် အသံကုန်အော်ခေါ်လိုက်တဲ့အချိန် လန့်နိုးလာခဲ့သည်။

ထိုအကြောင်းကိုတွေးမိတိုင်း ရင်ဘက်ထဲမှာ ကြိုးနဲ့ဆွဲညှစ်ခံရသလို တင်းကြပ်နေသည်။စိတ်ငြိမ်အောင် ရေသောက်တော့လည်း ခဏမျှသာ နေသာသည်။ခန္ဓာကိုယ်ကလည်း အေးသလို ပူသလို ဖြစ်နေတာမို့ မနက်ရောက်တော့ ခွန်းလည်း ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုက်တော့သည်။

"ဆရာ"

ဆရာဝန်ဝင်လာတာမြင်တော့ အက္ခရာက လှမ်းနှုတ်ဆက်လိုက်သည်။

"အက္ခရာ မင်းအကိုဘယ်မှာလဲ အပေါ်ထပ်မှာပဲလား"

"ဟုတ်ကဲ့ သခင်လေးအိပ်နေတုန်းဖြစ်မယ် အခုထိတော့ မဆင်းလာသေးဘူး"

"အေး ဆရာ့ကိုဖုန်းဆက်ထားတယ် နေမကောင်းဘူးတဲ့"

"သခင်လေး နေမကောင်းဖြစ်နေတာလား"

အတ္တဆိပ်/အတၲဆိပ္(Uni+Zaw)[Ongoing]Where stories live. Discover now