"မောင်မောင်ရေ.. ပြီးခါ နီးပြီလား..."
အိပ်ရာပေါ်မှာ မမထိုက် ဝယ်ပေးထားသည့် ခရီးဆောင် အိတ်ကြီးကို ချလို့် ဗီဒိုထဲမှ အင်္ကျီများကို လွှဲပြောင်း ယူနေစဉ် တံခါးကို ဖြည်းညင်းစွာ ခေါက်ရင်း မမထိုက် ဝင်လာသည်။
"ဟင်.. အခုထိ သိမ်းတုန်းလား.. လာ မမထိုက် ကူသိမ်းပေးမယ်...."
ပြောပြောဆိုဆိုနှင့် မမထိုက်က ပစ္စည်းများကို စတင် စုစည်းပြီး သိမ်းဆည်းသည်။
နေညိုမောင် လိုတော့ တွန့်ဆုတ် နေခြင်း မရှိသည့် ထိုက်က အခန်းတစ်ဝိုက်တွင် စမတ်ကျကျ ရွေ့လျားသွားပြီး မိနစ် အနည်းငယ် အတွင်းမှာပင် သူ့ ကျောင်းတက် ၇မည့် ကျောပိုး လွယ်အိတ်ထဲမှာ လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံသွားသည်။
သူလိုတော့ စိတ်တွေ လေးလံ နေခြင်း မရှိသည့် မမထိုက်၏ စိတ်အားထက်သန်မှုသည် သူမ၏ မျက်နှာပေါ်မှာ ဝမ်းသာ အား၇ မူတွေက နွေနေရောင်ကဲ့သို့ ဖြာထွက်နေသည်။
"မမထိုက်ကတော့လေ အရမ်းပျော်တာပဲ သိလား.... စကားဝါရဲ့ တက္ကသိုလ်မှာ အစောပိုင်း ဝင်ခွင့်နဲ့ကို ဝင်ခွင့် ရထားတာ ဆိုတော့ မောင်မောင်ကို မမထိုက် အရမ်း ချီးကျူးတယ်... သူ့ တက္ကသိုလ်က ဝင်ဖို့ အရမ်းခက်တဲ့ တက္ကသိုလ်ပဲ..."
တစ်ယောက်တည်း ပစ္စည်းတွေကို လိုက် စုစည်း သိမ်းဆည်းနေရင်း နှုတ်မှလည်း အားရ ဝမ်းသာ ဆိုသည်။
"မမထိုက် ဒီလို ပြောလို့ ဟိုရောက်လျှင် စာကိုပဲ ၂၄ နာရီ လုံးလုံး လုပ်နေရမယ်လို့ မမထိုက် မဆိုလိုဘူးနော်... ကစားသင့်တဲ့ အချိန် ကစား၊ စာဖတ်တဲ့ အချိန် ဖတ်ပေါ့..မမထိုက်တော့ work hard play hard ကို ပိုပြီး သဘောကျတယ်...ဒါပေမယ့် မိန်းကလေး ကိစ္စတော့ အ၇ူပ်အရှင်း မကြားချင်ဘူး"
နေညိုမောင် ပြုံးကာာ အသာအယာပဲ ခေါင်းညိမ့်ပြလိုက်မိသည်။
လူပ်ရှားမူတွေကလည်း တုံ့ဆိုင်းလေးလံနေသည့်ကိုက သူ့ အပေါ် စေတနာတွေ ထားကာ ဂရုတစိုက် အရာရာ လိုက်လုပ်ပေးနေသည့် မမထိုက်ကို သစ္စာဖောက်သလိုလို၊ စော်ကား နေမိသလိုလို။
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ်..ဒါပေမယ့် တစ်ကယ်တမ်း ထွက်သွားတော့မယ် ဆိုတော့ ကျွန်တော် ထင်ထားတာထက် ပိုခက်တယ် နေတယ်၊ မမထိုက်၊ ဘာကြောင့်မှန်း မသိဘဲ စိတ်တွေ လေးလံ နေတယ်
ထိုက်မဟာ ခေါက်လက်စ အထည်တွေကို ခဏရပ်ကာ စိုးရိမ်မှုတို့ ရောနှောနေသည့် မျက်လုံး အစုံနှင့် သူ့ကို စိုက်ကြည့်လာသည်။ ပြီးတော့မှ သက်ပြင်း ယဲ့ယဲ့ကို ချ၊ ထိုင်နေသည့် ကုတင်ပေါ်သို့ တင်မလွှဲလေး ဝင်ထိုင်လိုက်ရင်း သူ့ ပုခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်သည်။
"မင်းဘဝရဲ့အတောက်ပ ဆုံးသော အချိန်တွေကို မောင်မောင် ရတော့မှာလေ၊ အတွေ့အကြုံအသစ်တွေ၊ သူငယ်ချင်းအသစ်တွေနဲ့ မင်းသင်ယူရမယ့် အရာတွေကို စိတ်ကူးယဉ်ကြည့်ပါ မောင်မောင်ရယ်
နေညို ခေါင်းညိတ်ပြသော်လည်း မသေချာမရေရာသော အရိပ်တစ်ခု သူ့မျက်လုံးထဲတွင် ဝဲနေသည်။
"ပြီးတော့ မမထိုက်လည်း မကြာခဏ ဆိုသလို ဘန်ကောက်ကို လာနေမှာ မင်း ဘွဲ့ယူတဲ့ နေ့၊ ကျောင်း အားကစား ပြိုင်ပွဲနေ့ အို.. မောင်မောင် ဘ၀ရဲ့ အတောက်ပဆုံး အချိန်တွေမှာ.. မောင်မောင် အနားမှာ မမထိုက် အမြဲ ရှိနေမှာ..."
"ဟုတ်ကဲ့.. ကျွန်တော် နားလည်ပါတယ် မမထိုက်..."
နာရီ ပေါင်းများစွာ အချိန်တွေ ဆွဲ၍ သိမ်းဆည်းနေခဲ့သည့် အနည်းငယ်သော ပစ္စည်းအချို့ကို မမထိုက် ဝင်ရောက် သိမ်းဆည်းသွားတော့ သူ သယ်ဆောင်ရမည့် ခရီးဆောင် အိတ်ကလေး ထဲမှာ အရာအားလုံးက သူ့နေရာနှင့် သူပင် နေရာ ယူသွားသည်။
"ကဲ ပြီးသွားပြီ.. မမထိုက်လည်း ခဏကပဲ ပြီးသွားတာ... မောင်မောင် လေယာဉ်ကွင်း ဆင်းဖို့ အချိန်ကလည်း သိပ်မလိုတော့ဘူး ဆိုတော့ နှုတ်ဆက် စရာ ရှိတဲ့ သူငယ်ချင်းတွေကို ဖုန်း နဲ့ ထပ်ပြီး နှုတ်ဆက်လိုက်ဦး.. ညနေ ၇ နာရီ ထွက်မယ်နော်..."
ဟု ဆိုကာ အခန်းတံခါးလေး ဖြည်းညင်းစွာ ဆွဲပိတ်လို့ သူ့ အခန်းထဲမှ ထွက်သွားသည်။
သူကတော့ အခန်းထောင့်၌ အသင့်သား နေရာယူနေသည့် ခရီးဆောင် အိတ် နှစ်လုံးကိုသာ ကြက်သေသေ နှင့် ငေးကြည့်နေလိုက် တစ်ထောက်ထောက်နှင့် မြည်နေသည့် နာရီ လက်တံတွေကို ငေးကြည့်လိုက်နှင့် စိတ်နှင့် ခန္တာ မကပ်တော့တဲ့ သူ တစ်ယောက် ပမာ။
**********************************
ကျယ်လောင်စွာ ပေါက်ကွဲ သွားသည့် သေနတ်သံကြောင့် ခ မျက်လုံး အစုံကို မှိတ်ချ ပစ်လိုက်သည်။
ဘ၀မှာ နောက်ဆုံး ဆန္ဒ တစ်ခုတည်းက မေမေ့ ကို အကောင်းဆုံး နေရာလေး တစ်ခုမှာ ထားပေးချင်တာပါ။
အခုတော့ အရာအားလုံး ပျက်စီး သွားပြီ။
သေနတ် သံ၏ အဆုံးမှာတော့ ခ ထင်ထားခဲ့ သလို နာနာကျင်ကျင် ငိုကြွေးသံများ မကြားရသည့် အပြင် ခ ၏ ကိုယ်လုံးလေးကို အတင်း သိမ်းဖက်ထားသည့် လူ၏ လက်ကလည်း ဖြေလျော့သွားသည်။
ခွေခနဲ ပျော့ကျ သွားသည့် ခ ကို ရုတ်တရက် တစ်စုံ တစ်ဦးက ထိန်းထားလိုက်သလိုမျိုး မကြမ်းတမ်းပေမယ့် နူးညံခြင်းလည်း မရှိသည့် လက် တစ်ခု၏ အထိအတွေ့ကို ခံစားလိုက်တော့မှ ခ မျက်လုံးတွေကို ပြန်ဖွင့်ကြည့်မိသည်။
"ဟင်..."
ခ ထင်ထားခဲ့သလို သေနတ်တွေနဲ့ ရွာသူ ရွာသားတွေကို ပစ်ခတ်ခြင်းမျိုးလည်း မဟုတ်ဘဲ မိုးကောင်းကင်ပေါ်သို့သာ ချိန်ရွယ် ပစ်ခွင်းလိုက်သည့် ကျည်ဆန်၏ အသံဖြစ်သည်။
ဒ့ါအပြင် ခ တို့ ကုန်တင်ကားကြီး အနီးမှာလည်း စောစောက မတွေ့ခဲ့ ဖူးသည့် မျက်နှာသစ် သူစိမ်းများ ။
"ရပ်လိုက်စမ်း"
အမိန့်သံ တစ်ခုနှင့် အတူ ဖြစ်ပျက်နေသည့် မြင်ကွင်းကို အေးစိမ့်စိမ့်ဖြင့် စူးစူးရဲရဲ ကြည့်နေသော သူ တစ်ယောက်။
"ကောင်မလေး.. မင်းက ဘယ်သူလဲ...."
"ရှင်..."
ခ ၏ လက်မောင်းကို ခပ်ကြမ်းကြမ်းပင် လူပ်ကာ မေးလိုက်တော့ ရုတ်တရက် ကြောင်အန်းသွားရသည်။ ဘာဖြေလို့ ဖြေရမှန်း မသိတဲ့ နှုတ်ခမ်းလေး တစ်စုံကသာ မဟတဟ လေးမို့ သူက သေချာစွာ ကြည့်ရင်း
"ဟိုက မင်း အမေလား..."
"ဟုတ်.. ပါတယ်...."
"သွားတော့...."
သူ့လက်ထဲမှ ထွက်သွားခွင့် ပြုလိုက်တာနှင့် ချုပ်ကိုင်ထားသည့် စစ်သား နှစ်ယောက်ကလည်း မေမေ့ ကိုယ်လုံး သေးသေးလေးကို ဆတ်ခနဲ လွှတ်ချသည်။
ဒဏ်ရာ အရှိန်နှင့် ပျော့ခွေ့ကျသွားသည့် မေ့မေ့ကို ပြေးပွေ့ရင်း ခ ဘာမှ စဉ်းစားမနေတော့ဘဲ ခ ဝတ်ထားသည့် ရင်ဖုံး အင်္ကျီအဟောင်းလေး၏ လက်မောင်း တစ်ဖက်ကို ဖြတ်ခနဲ ဆွဲဗြဲ ပစ်လိုက်ပြီး သွေးတွေ ယိုစိမ့်နေသည့် မေ့မေ့ ခေါင်းကို ပတ်ပေးလိုက်မိသည်။
နာကျည်လွန်း၍ မေမေ ညီးညူသည်။ ခ လက်ကိုလဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ဒါ ဘာဖြစ်နေတာလဲ..."
သူ့ အသံမှာ ရဲရင့်သည်။ ပြတ်သားသည်။
အရင်စစ်သားများ၏ မျက်လုံးများအားလုံးသည် ကြောက်ကြောက်နှင့် သူကြီးကို ပစ်သတ်ခဲ့သူ ဘက်သို့ အားကိုးတကြီး လှည့်သွားကြသည်။
"ကျွန်တော်တို့ စစ်ဆေး နေတာပါ"
အခုတော့လည်း အပစ်မဲ့သည့် သူတွေရှေ့မှာ သေနတ်ကြီးတွေ တဝင့်၀င့် လုပ်နေခဲ့သည့် သူတွေရဲ့ သတ္တိတွေဟာ မွန်းတည့်နေရောင်အောက်က မြူခိုးများကဲ့သို့ အငွေ့ပျံတက် သွားသလိုပ်င်။
အသံတွေ တုန်ယင်နေလျက် တိုးတိုးတိတ်တိတ်သာ ဖြေဆိုရဲသည်။
"ဘာကို စစ်ဆေးနေတာလဲ... ဗိုလ်မူး အကြောင်း မသိသေးဘူလား... သူ့ အမိန့်ကို မနာခံတဲ့ သူ ဆို ဘယ်လမ်းကြောင်းကို လိုက်ရမလဲ မင်းတို့ မသိဘူးလား..."
"သိ... သိ..ပါတယ်... ဒါပေမယ့်... ကျွန်တော်တို့ကလည်း တာဝန်နဲ့ ၀တ္တရား ရှိသည့် အတိုင်း "
"ဒီလမ်းကို ဖြတ်လာသမျှ ကားတွေ အကုန်လုံးကို အစစ်အဆေး မရှိ သွားခွင့်ပေးလိုက်ဆိုတဲ့ အမိန့်ကို ဖီဆန်ရဲတာလား"
"ကျွန်တော်တို့ အမိန့်ကို မ၇လိုက်လို့ပါ.. အထက်ကလည်း .."
"ဘာကွ..ဒီ တစ်၀ိုက်မှာ ဗိုလ်မူးက ဘုရင်ပဲ သူ့ အမိန့်ကိုပဲ နာခံ ဘာမှ ဆင်ခြေတွေ မပေးနဲ"
"မလုပ်ပါနဲ... မလုပ်ပါနဲ့..."
ထိုသူ၏ အနောက်သား တွေက လူယုတ်မာကို စခန်းရှိဟန် တူသည့် တောထဲသို့ ချုပ်ကိိုင် ခေါ်ဆောင်သွားသည်။
"ခင်ဗျားတို့က ဒီကို ဘာလာ လုပ်တာလဲ..."
ကားမောင်းသူ ဦးလေးကြီးကို ကြည့်ကာ မေးလိုက်ခြင်းပင်။
"ကျွန်တော်..ကျွန်တော်တို့က ရိုးရိုးသားသား ကုန်သည်တွေပါ... ဆရာ.ရယ်...ဒီအထဲက ပါလာတဲ့ သူတွေကတော့ ဒုက္ခသည်တွေပါ... သူတို့ရွာ.မီလောင်သွားလို့.ပဲခူးကို ခရီးကြုံ လိုက်တာပါ...
အဲဒီမှာ အခုလို...."
မျက်နှာစိမ်းသူက ကုန်တင်ကား ပေါ်သို့ တစ်ချက် စောင့်ငဲ့ကြည့်သည်။ သူ့၏ အမိန့်အရ သူ့နှင့် အတူပါလာသော လက်အောက်ငယ်သားများက ကုန်တင်ကား အထဲသို့ ဝင်ပြီး သူကြီး၏ ခန္တာကိုယ်ကို သယ်ဆောင်သွားကြသည်။
"ခင်ဗျားတို့ကို သွားခွင့်ပေးလိုက်မယ်... ဒီမှာ ဖြစ်ပျက်ခဲ့သမျှတွေကို မေ့ပစ်ပါ..... ဒီလိုမှ မဟုတ်ဘဲ ဒီအကြာင်းကို လျှောက်ဖွနေမယ် ဆိုလျှင်တော့ ခင်ဗျားတို့ နောင်တ၇လိမ့်မယ်.. "
ကားမောင်းသူ ဦးလေးကြီး ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းကို တ၇ဆတ် ငြိမ့်ရင်း အပြေးတစ်ပိုင်း လှည့်ထွက်ခဲ့ သည်။
ခ နှင့် မေမေ့ကိုတော့ ကား၏ အရှေ့ခန်းမှာ ထိုင်ခွင့်ပေးလိုက်ပြီး မေမေ့ ခေါင်းမှာ ဒဏ်ရာကို ကြည့်ကာ စိုးရိမ် စိတ်တို့နှင့်
"တူမလေး... ဦးလေး... ဆေးရုံ ဝင်ပေးရမလား...."
"ရှင်.."
"ပဲခူးမှာ ဆေးခန်း တစ်ခုခု ဝင်ပြမှ ဖြစ်မယ်..တူမလေး.. အမေရဲ့ ဒဏ်ရာက မသေးဘူး.. သွေးထွက်လွန်သွားရင် ဒုက္ခ ဖြစ်သွားနိုင်တယ်..."
"ဟုတ်ကဲ့.. ဟုတ်ကဲ့.. ဦလေး... ပဲခူး ရောက်ဖို့က လိုဦးမှာလားဟင်"
"မလိုတော့ ပါဘူး... တူမလေး... နောက်ထပ် နှစ်နာရီလောက်ဆို ရောက်ပြီ...ရန်ကုန်ကို သွားဖို့လည်း ဦးလေး စီစဉ်ပေးမယ်...ဦးဝင်းမြိုင် အိမ်အထိကို ဦးလေး လိုက်ပို့ ပေးပါမယ်.. တူမလေး.."
"ဟုတ်ကဲ့ပါ... ဦလေးရယ်... သမီး ကျေးဇူးတင်ပါတယ်.... "
ဒဏ်ရာ အရှိန်နှင့် ခ ပုခုံးလေး ပေါ်မှာ မေမေ အိပ်ပျော်သွားသည်။ ရှေ့စူးစူးကိုသာ စူးစိုက်ကြည့်နေသည့် ခ မျက်ဝန်းတွေထဲမှာတော့ ဘယ်လိုမှ တစ်သက်တာ ပယ်ဖျက်လို့ မ၇ခဲ့တဲ့ မြင်ကွင်းတွေ။
ပြီးတော့ ခ တစ်ကိုယ်လုံးကို ထွေးပွေ့ထားခဲ့သည့် ထိုသူ၏ အထိအတွေ့တွေ။
ရွံရှာ စက်ဆုတ်လွန်းစွာ ခ ပွတ်သပ်ချနေတော့ ကားသမား ကြီးက သူ့ လက်ကိုင်ပဝါကို လှမ်းပေးသည်။
ဘယ်လိုပဲ ဖြတ်ဖြတ် ခ ဘ၀မှာတော့ အမဲစက်လေး ထင်သွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က တစ်ယောက်တည်းသော သူသာ မြတ်နိုးစွာ နမ်းရိူက်ခဲ့သည့် ခ ၏ ပါးပြင်မှာ အခုတော့ အပေါစား ဆေးလိပ်နံ တစ်ခုက စွဲကျန်ရစ်ခဲ့ပြီ။
ခ ၏ ဖြစ်ပျက်နေမူကို သတိထားမိသည့် ကားသမားကြီးက ခ ကို ဂရုဏာ သက်စွာ ကြည့်လိုက်ပြီး
"တူမကြီး.. ဖြစ်ပြီးခဲ့တာတွေကို မေ့ပစ်လိုက်ပါ.... အခုလို ဘာမှ မဖြစ်ဘဲ အဲဒီ နေရာက ထွက်လာနိုင်တာကိုက တူမကြီးရဲ့ ကံတရားလို့ပဲ သတ်မှတ်လိုက်ပါ တူမကြီးရယ်.. သမီးရဲ့ ဘ၀မှာ ရှေလျှောက် ခက်ခဲတာတွေ ကြုံခဲ့ သမျှ ဘယ်အရာကမှ ဒီလောက် မပင်ပန်းဘူးလို့ မှတ်ယူပါ.. ..."
တရွေ့ရွေ့နှင့် မောင်းလာသည့် ကုန်ကားကြီးက တောလမ်းမှ တစ်ဆင့် အဝေးပြေး လမ်းမကြီးပေါ်သို့ တက်ခဲ့သည်။
ထိုမှ တစ်ဆင့် ပဲခူးမြို့ပေါ်ကို ရောက်ခဲ့သည်။ ကားဂိတ်က နာရီစင် ကြီးကို မော့ကြည့်လိုက်တော့ ပြနေသည်က နေ့လည်ခင်း ၁၂ နာရီ...တဲ့။
နေမွန်းတည့်ကျ သည့် နေလို ခ ရင်ထဲမှာလည်း မီးဟုန်းဟုန်း တောက်လောင်လို့။ ကုန်တင်ကား ကြီး အနောက်ခန်းမှ လူအများကတော့ ကားဂ်ိတ် ရောက်သည်နှင့် တစ်ယောက်နှင့် တစ်ယောက် နူတ်ဆက်ကာ လိုရာ ခရီးကို ဆက်ကြသည်။
ဘ၀ တစ်သက်တာလုံး အတူတကွ နေခဲ့သည့် ရွာသားတွေ အချင်ချင်း ကျောခိုင်းထွက်ခွာ သွားခဲ့ ကြသည့် မြင်ကွင်းက ခ မျက်လုံး ထဲမှ မထွက်။
ယခင်က ပျော်ရွှင်စွာ နေထိုင်ခဲ့သည့် ခ တို့ ရွာသားတွေ၏ ဘ၀ကို ဖျက်ဆီးခဲ့သည့် သူတွေကိုလည်း ခ မုန်းသည်။ တစ်သက်စာ နာကျည်းသည်။
ကားသမားကြီးက သူ့ ကတိ အတိုင်း နီးစပ်ရာ ဆေးခန်း တစ်ခု ဆီသို့ ပို့ဆောင်ပေးသည်။
နဂို ချို့ယွင်း ချက် ရှိသည့် မေမေက အခုတော့ လူကောင်းစိတ်ပျောက်ကွယ်သွား၇ကာ Post-Traumatic Stress Disorder ဟု ခေါ်သည့် ရောဂါအဆင့် ကို ရောက်ရှိသွားသည်။ ဆရာဝန် ကြီး၏ ပြောစကား အရတော့ မေမေဟာ သာမန် လူကောင်းတစ်ယောက်လို ပြုမူ နေထိုင်နိုင်ဖို့ ခဲယဉ်းမည် ဖြစ်ပြီး တစ်ခါတစ်လေမှာလည်း စိတ်ကယောင်ချောက်ခြားတွေ၊ ထင်ယောင်ထင်မှားတွေ ဖြစ်လာနိုင်သည်မို့ သေချာ ဂရုတစိုက် စောင့်ရှောက်ဖို့ လိုသည် ဟု အကြံပြုသည်။
အခုမှ မြို့ပြ ကြီးကို ခြေချကာစ၊ လက်ထဲမှာလည်း ကျောင်းကျောပိုး အိတ်အဟောင်းလေး အပြင် ဘာမှ မရှိတာမို့ ဆေးဖိုးဝါးခ ကိုတောင် အခမဲ့ ဒါန ယူလိုက်ရသည့် ခ ၏ အဖြစ်ကို ကိုယ်တိုင်တွေးမိရင်း အံကို ကြိိတ်ခဲ ထားလိုက်မိပါသည်။
ခေါင်းမှာ ပတ်တီးအဖြူကြီးကို စည်းထားသည့် မေမေကတော့ စကားတွေ ဟိုဒီပြောနေသည်။ အချို့သော စကားတွေက အဓိပ္ပာယ် ကောက်လို့ ရသလိုမျိုး အချိုသော စကားတွေကလည်း နားလည်ရန်တောင် ခက်ခဲလှသည်။
ခ တို့ သားအမိ အဖြစ်ကို ကြည့်ကာ ကားသမားကြီးက ဝမ်းနည်းလွန်းစွာ မျက်ရည်တွေတောင် ဝဲချင်သည်။
ခ ကိုတော့ နှုတ်ခမ်းကို အသေ ဖိကိုက်ထားလိုက်ရင်း ရှေ့ဆက်ရမည့် နေ့တွေ အတွက်ကိုသာ စဉ်းစားသည်။
"တူမကြီး.. အခု.. ဘယ်ကို သွားမှာလဲ...ဦးဝင်းမြိုင် ရှိတဲ့ ရန်ကုန် ကိုပဲ သွားမှာလား..."
"ဟုတ်ကဲ့.. သမီးကို အဲဒီ ကိုပဲ လိုက်ပို့ ပေးပါ... ပြီးရင်တော့ သမီး အလုပ်တစ်ခုခု ရှာပြီး ဘ၀ကို ပြန်စမယ် ဦးလေး"
"ရော့... ဒီငွေလေး ယူထားလိုက်..."
ကားသမား ဦးလေးကြီးက သူ့ အင်္ကျီ အိပ်ကပ်ထဲမှ ပိုက်ဆံ အခေါက်ငယ်လေးကို ထုတ်ပေးသည်။ ခ ယဉ်ကျေးစွာ ပင် ငြင်းဆန် မိပါသည်။
"သမီး မယူဘူး.. ဦးလေး... ဘယ်သူရဲ့ ပေးစာ ကမ်းစာ ကိုမှ သမီး လက်မခံဘူး.. သမီးမှာ မေမေ မွေးပေးထားတဲ့ ခြေနှစ်ဖက် လက်နှစ်ဖက် အကောင်းကြီး ရှိတယ်...အဲဒါတွေနဲ့ သမီး ဘ၀ကို ရုန်းကန်မယ်.. မေမေကိုလည်း သမီး ရှာကြွေးမယ်.. ဦးလေး..."
"ကောင်းပါပြီကွယ်....တူမကြီးရဲ့ စိတ်ကိုတော့ ဦးလေး လေးစားပါတယ်."
ကားသမားကြီးက ကားကို စတင်မောင်းနှင် လိုက်သည်မှာ ညနေခင်း စွန်းစွန်းမှာပင် ရန်ကုန်မြို့ကြီးထဲသို့ ဝင်ရောက်လာသည်။
ဟုတ်ပါတယ် ရန်ကုန်မြို့ကြီးဟာ တစ်ကယ်ပဲ တစ်မြိုလုံး မီးတွေလည်း လင်းလင်းထိန်လို့ပါပဲ..
"ဟီး.. ဟီး.... ဟိုမှာ ကြည့်စမ်း... သမီး....ပန်းချီကားကြီး အကြီးကြီး ပဲနော်..."
မေမေ အတင်းလက်တို့ ပြရာကို ကြည့်လိုက်တော့ ကြော်ငြာ် ဆိုင်းပုဒ် အကြီးကြီးတွေနှင့် စျေးဝယ်စင်တာတွေ.။
"ဟို က မီးတွေကလည်း နီလိုက် စိမ်းလိုက်နဲ... ကားတွေကလည်း မသွားဘူး... သွားလေ... ဟဲ့..."
ကလေး တစ်ယောက်လို တွေ့မြင်သမျှ အရာတွေကို အံဩတကြီး လိုက်ပြောနေသည့် မေမေ့ကို ကြည့်ကာ ခ သက်ပြင်းချ မိသည်။
ဘာပဲ ဖြစ်ဖြစ် မနက်က ဖြစ်ပျက်ခဲ့တာတွေကိုတော့ မေမေ့ မေ့သွားဟန် တူသည်။
အခုတော့ ကလေး တစ်ယောက်လို ပျော်ရွှင်နေလျက်။
ကားတွေ ၇ူပ်ထွေးနေသည့် လမ်းမကြီး ပေါ်မှာ မိီးပွင့်တွေ ကြားထဲ ခ တို့ ကုန်တင်ကားကြီး ခေတ္တရပ်၇ ပြန်သည်။
မေမေက တော့ ဟိုဒီ လျှောက်ကြည့် နေပြီး...
"ဟိုမှာ သားညို... သားညို.... " ဟု ဆိုကာ ကုန်တင်ကား ကြီး၏ တံခါးကို ရုတ်တရက် ဆွဲဖွင့်ပြီး အတင်းဆင်းဖို့ လုပ်နေသည့် မေမေ့ကြောင့် ခ ကိုယ်တိုင်လည်း..ထိတ်လန့် ပြာယာ သွား၇ကာ
"မေမေ... မေမေ.. ဘာလုပ်တာလဲ မလုပ်၇ဘူးလေ.."
ခ ၏ တားမြစ်ချက်ကို မေမေက ဂရုမစိုက်၊ မီးပွိုင့် စိမ်းနေပြီ ဖြစ်လို့ ကားတွေ စရွေ့နေသည့် ကြားမှ အတင်း ဆင်းမယ် လုပ်တော့ ခ မနည်း ပြန်ဆွဲ ထားလိုက်၇သည်။
"မေမေ... ဘာလုပ်တာလဲ... ဒါ သေတတ်တယ်... "
"သမီး... မေမေ.. သားညိုကို တွေ့လိုက်တယ်.... ဟိုး ဘေးက ကားအကောင်းစား ကြီးပေါ်မှာ သားညို ပါသွားတယ်..."
"မေမေ!!"
ဒီတစ်ခါတော့ ဝမ်းနည်းစိတ်တွေရော၊ ကြေကွဲ စိတ်တွေပါ ရောချရင်း မေမေ့ကို လေသံမာမာနှင့် ပြန်အော်မိလိုက်သည်။
"မေမေ... ဘာလို့ မဟုတ်တာတွေ ပြောနေရတာလဲ... ညို က ဘယ်လိုလုပ်ပြီး အဲဒီ ကားပေါ်မှာ ရှိမှာလဲ.. "
"မေမေ... တစ်ကယ် မြင်လိုက်တာ..."
မေမေ့ အသံလေး တိမ်ဝင်သွားပြီး မျက်နှာလေး ညိုးငယ်လျက် တစ်ဘက်သို့ လှည့်သွားသည်။
ခ ကိုယ်တိုင်လည်း မျက်ရည်များကို မျိုချလိုက်ပြီး ကရုဏာအကြည့်နှင့် မေမေ့ကိုသာ ဖက်ထားလိုက်မိသည်။
မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ မရူးသွပ်ချင်တော့တဲ့ ခ ရဲ့ ရင်ထဲမှာ အရာအားလုံးကို ပြည်ဖုံးကားချ ထားနိုင်အောင် ကြိုးစား ထားပါလျက်နှင့် သူ့ နာမည်ကို တစ်ခေါက်ကြားတိုင်း နာကျင်နေတာတွေက ဘယ်တော့မှ ပျောက်မှာလဲ။
********************************************
"မောင်မောင်.....မှန်ပိတ်ထားလေ..."
နေညို ပြတင်းပေါက်ကို နှိမ့်ချကာ မြို့လေကို နောက်ဆုံးအကြိမ် ရှူရှိုက်ရန် ရုတ်တရက်ဖြစ်ပေါ်လာသည့် ဆန္ဒကြောင့် ပြတင်ပေါက် မှန်ကို ချလိုက်သည်
သူ့ဆံပင်များကောက်ကောက်များကို ဖြတ်တိုက်သွားသည့် မိုးဖွဲဖွဲလေး ကြောင့်ပဲလား သူနှင့် ဆန့်ကျင်ဘက် သို့ ထွက်ခွာသွားသော ယာဉ်များမှ သံတစ်သံ ထွက်လာသလိုလို။ သူ့ နာမည်ကို ခေါ်လိုက် သလိုလို။
မဖြစ်နိုင်ပါဘူးလေ၊ မမထိုက် ပြောစကား အ၇တော့ ဒီမြို့မှာ သူ သိတဲ့သူ တစ်ယောက်မှ မရှိဘူးတဲ့။
နေညို ပတ်ဝန်းကျင်ကို မျက်စိတစ်ဆုံး လှည့်ပတ်၍ ရှာဖွေသော်လည်း လမ်းတစ်ခုလုံး သူ ဟာနှင့် သူ လူပ်ရှား သွားလာ နေသည့် လူများမှ လွဲ၍ ကျန်တာဘာမှ ထူးခြား ပြောင်းလဲ နေခြင်းမျိုးလည်း မရှိ။
သူ့ရဲ့ စိတ်ကူးယဉ်လိုက်တာလား၊ ဒါမှ မဟုတ် ဘာကိုမှန်း မသိတဲ့ လွမ်းဆွတ်မှုတွေရဲ့ ရက်စက်တဲ့လှည့်ကွက်တစ်ခုပဲလား။
မမထိုက်က သူ့လက်မောင်းကို ပွတ်သပ်ကာ သူ့ကို စိုးရိမ်တကြီးနှင့် ကြည့်၍
"လာပါ မောင်မောင်ရယ်၊ မှန် ပိတ်လိုက်နော်.. တော်ကြာ မိုးစက်တွေ စင်ကုန်မယ်.."
ရန်ကုန်မြို့ကို နောက်ဆုံး နာကျင်စွာ တစ်ချက်ကြည့်လိုက်ခြင်းဖြင့်သာ နေညို နာခံခဲ့သည်။
တရွေ့ရွေ့ သွားနေသည့် ကား ၏ သယ်ဆောင်သွားရာ ရွှေရောင်တွေ လွှမ်းခြုံထားတဲ့ အနာဂတ်သစ်ဆီသို့သာ စီးမျော လိုက်ပါသွားရင်း။
YOU ARE READING
ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)
Romanceရက်စက်တယ်၊ ခက်ထန်တယ် သြဇာကြီးတယ်ဆိုသည့် Business Tycoon လည်းဖြစ် ရန်ကုန်တိုင်းကြီးကို အုပ်စိုးမယ့် အမတ်လောင်းလဲ ဖြစ်တဲ့ ဦးစီးက ခ ဆိုတဲ့ စားသောက်ဆိုင်က အဆိုတော် မလေးကိုမှ မမျှော်လင့်ဘဲ ချစ်မိသွားတဲ့ အခါ ခ ၏ ကြမ်းတမ်းခဲ့တယ့် အတိတ်မှာလည်း သိပ်ကို နူးည...