အခန်း (၃၂)

48 2 0
                                    


"ကိုကို.. ရုံထဲက ထွက်လာကတည်းက ငြိမ်နေတာ သည်းသည်း သတိထားမိတယ်... နေမကောင်းဘူးလား... ရုပ်ရှင် မကြိုက်လို့လား"

သည်းသည်း မေးခွန်းကို နားထဲမှာ ကြားနေရပေမယ့် ကိုယ့်ကိုကိုယ် ဘာဖြစ်သွားမှန်း မသိသည့် နားမလည်ခြင်းများစွာနှင့် ရုံထဲမှာ ပြနေသည့် ရုပ်ရှင် ကောင်းလား မကောင်းလားတောင် မသိလိုက်။

လူပျို ယောင်္ကျားလေး တစ်ယောက်က သူစိမ်း မိန်းကလေး တစ်ယောက်ရဲ့ လက်ကလေးကို ရုတ်တရက် ဆုပ်ကိုင်လိုက်မိခြင်းဟာ ရင်ခုန်စေတတ်သည့် အဖြစ်အပျက်မျိုးလား။

ထူးဆန်းနေသည့်က သူ့ လက်ဖဝါးထဲကို အေးစက်စက် လက်ကလေး ဝင်လာခဲ့စဉ်က သူကိုယ်တိုင်တောင် မင်သက်သွားရင်း ဘာလုပ်ရမယ် မသိခင် မှာပင် နှလုံးသား တစ်ခုလုံး ခုန်ထွက်မတတ် ရင်တွေ ခုန်သွားရကာ မည်သူမည်ဝါ မသိသည့် လက်ကလေးကို ပြန်လည်ဆုပ်ကိုင်ထားမိလျက်သား ဖြစ်သွားသည်။

အသိတစ်ချက်ဝင်လာတော့မှ လွတ်ပေးလိုက်တော့လည်း အနားမှ အရိပ်ကလေး ထသွားဖို့ ပြင်ပြီးမှ ပြန်ထိုင်လိုက်တော့ သူ့ ရင်ထဲ တစ်ခုခု ကို ပြန်ရလိုက်သလို ကျေနပ်သွားခါမှ လှည့်ကြည့်လိုက်တော့မှ သူ့ ရင်ထဲကို တစ်ခုခု နှင့် ထိုးနှက်လိုက်သလို စူးခနဲ နင့်ခနဲ။

သူ့ လှည့်ကြည့်လိုက်တော့ သူမလေးကို မြတ်မြတ်နိုးနိုးနှင့်ကို ထွေးပွေ့ထားသည့် ယောင်္ကျားတစ်ယောက်က အနားမှာ။

ဆံနွယ်ရှည်လေးတွေက မျက်နှာ တစ်ခြမ်းကို ကာထားလျက် ထို ဆံနွယ်လေးတွေကိုပဲ တယုတယ ဆော့ကစားနေသည့် သူ။

အမှောင်တွေကြားထဲ ဖြတ်ခနဲ အကြည့်တစ်ချက်နှင့်ပင် သူ့ ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။

ချစ်သူရှိနေသည့် မိန်းကလေး တစ်ယောက်ရဲ့ လက်ကို ခေတ္တမျှ ဆုပ်ကိုင်ထားပြီး တစ်ယောက်တည်း ရင်တွေခုန်နေသည့် ကိုယ့် အဖြစ်ကို ကိုယ်တွေးကာ ရှက်မိသည်။

ရုပ်ရှင်ပြီးသည်နှင့် သည်းသည်းကို ခေါ်ကာ ရုံထဲမှ အပြေးအလွှား ထွက်ခဲ့သည့်တိုင်အောင် အပြစ်ရှိသည့် ခံစားချက် ကြီးက လိုက်နေဆဲ။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now