အခန်း (၃၈)

61 3 0
                                    

"မင်းကွာ... မလာစဖူး.. မလာထူးလို့ပါလား....."

မင်းလူ တာဝန်ကျသည့် ရဲစခန်းထဲသို့ ဝင်လိုက်တာနှင့် သူ၏ ဒုတိယ ရဲအုပ်ဖြစ်သူနှင့် စကားပြောနေရင်းမှ နေညိုမောင်ကို ပြုံးကြည့်ကာ နှုတ်ခွန်းဆက်သည်။

"ဒီကြားထဲ အလုပ်တွေ များနေလို့ပါကွာ..."

"သိပါတယ်ကွာ... ဟို တစ်ပတ်ကမှ ပြီးသွားတဲ့ သီချင်းဆို ပြိုင်ပွဲကြီးရဲ့ ပင်တိုင်ခံ makeup artist ဆို... ငါ့ ကောင်မလေးက အဲဒီ သီချင်းဆို ပြိုင်ပွဲကို ကြည့်ပြီး ငါ့တို့ မင်္ဂလာဆောင်ရင်တောင် မင်းကို သူ့ artist အနေနဲ့ လိုချင်လို့ ငါ့ကို အတင်း ပူဆာနေတာကွ..."

မင်းလူ စကားကြောင့် နေညို ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီ..

"အင်းပါကွာ.. ဒါက ပြောစရာမှ မလိုတာ..."

"ကျေးဇူးကွာ... ဒါနဲ့ မင်းလာတာ ကိစ္စ ရှိလို့လား..."

"ဟုတ်တယ်ကွ... ကိစ္စရှိလို့ဆိုတာထက် မင်းကို အကူအညီ တောင်းချင်လို့ .."

"အင်း ပြောကွာ... ဘာ အကူအညီလဲ..."

မင်းလူ မေးလိုက်ပေမယ့် နေညိုမောင် မဖြေမိဘဲ သူ့ ဒုရဲအုပ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မင်းလူကလည်း ဒုတိယ ရဲမူး ပီပီ အခြေအနေကို ရိပ်စားမိရင်း

ရုံးခန်းထဲ သွားပြောကြရအောင် ဟု ဆိုကာ သူ့ကို အခန်းထဲသို့ ခေါ်ဆောင်လာရင်း ရုံးခန်းတံခါးကို ပိတ်လိုက်သည်။

"ထိုင်ကွာ... မင်းကို ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေသလိုပဲ... ဘာတွေ ဖြစ်လာတာလဲ နေညို..."

"ငါ မင်းကို အကူအညီ တောင်းစရာ ရှိတယ် မင်းလူ... ဒီကိစ္စက ဘယ်သူမှ သိလို့ မရဘူး.. အခုအချိန်မှာ ဘယ်သူ့ကို ယုံရမယ် ဆိုတာ မသိသေးဘူး.."

လျှို့ဝှက်တဲ့ စကားတွေကို မင်းလူက နားလည်စွာ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နားထောင်သည်။

"ငါ...ဦးစီး အကြောင်းကို စုံစမ်းချင်တယ်..."

အာရုံစိုက် နားထာင်နေသည့် မင်းလူ ဦးစီး ဆိုသည့် နာမည်ကြောင့် မျက်ဝန်းမှ လူပ်လူပ်ရှားရှား ဖြစ်သွားသည်.

"ဘယ်လို...ဦးစီး ဆိုတာ .. အမတ်လောင်း ဦးစီးကို ပြောတာလား.... ဒုတိယ ဗိုလ်ချုပ်ကြီးရဲ့ သား ဦးစီးလား..."

"ဟုတ်တယ်.. သူပဲ မင်းလူ.... ငါ သူ့ အကြောင်းကို သိရမှ ဖြစ်မယ်..."

"နေ.. နေစမ်းပါဦး... မင်း နဲ့ သူ​က ဘယ်လိုလုပ်ပြီး လမ်းကြောင်းလာပူး ရတာလဲ...."

"ငါ့ ချစ်သူကောင်မလေးက ဦးစီးနဲ့ ပက်သက်နေတယ်..."

မင်လူ မျက်နှာ ပကတိ ငြိမ်ကျသွားပြီး စကားလုံးတွေကို ရှာဖွေနေသလို သူ့ကို ကြည့်ကာ..

"မင်း ကောင်မလေးက မိုးမခ ဆိုတဲ့ အဆိုတော်မလေးလား...."

"ဟုတ်တယ်...."

အံ့ဩသွားသည့် မင်းလူ သူ့ကို စေ့စေ့ကြည့်ကာ...

"အဲဒီ ကောင်မလေးက ဦးစီး စပွန်ဆာ ပေးထားတယ်လို့ နာမည်ကြီး နေတဲ့ မိန်းကလေးပဲ... မင်းက ဘယ်ကနေ ဘယ်လိုဖြစ်ပြီး...."

"ခ က ငါမေ့ပျောက်နေခဲ့တယ့် ငါ့ ရဲ့ တစ်ဦးတည်းသော ချစ်ရသူပဲ မင်းလူ... ငါ သူ့ကို ပြန်တွေ့လိုက်ရတဲ့ အချိန်မှာ ဘာဆိုဘာမှ မသိတော့ဘူး.. သူ့ကို ချစ်တာ တစ်ခုပဲ သိတယ်... သူ့ကို သူ မချစ်တဲ့ ဦးစီး ဆိုတဲ့ သူ အနားကနေ ခေါ်ထုတ်သွားပေးချင်တယ်... ဒါပေမယ့်"

"ဒါပေမယ့် ဘာဖြစ်လဲ နေညို..."

"ဦးစီးက ခ ရဲ့ မေမေကို တစ်နေရာရာမှာ ဖမ်းဆီးထားတယ်လို့ ခ ပြောတယ်..."

မင်းလူ တိတ်ကျသွားသည်။ သူ့ မျက်နှာပေါ်မှာ ခ ရဲ့ မေမေကို ဖမ်းဆီးထားတယ်လို့ ပြောလိုက်ခြင်းအတွက် အံဩံ့ခြင်း မရှိ။

မျက်နှာတစ်ချက်ပျက်သွားကလွဲ၍ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နားထောင်ကာ ထိုင်ရာမှ ထ၍

"မင်း နဲ့ ရင်ဆိုင်ရမယ့် သူက ဘယ်လိုလူမျိုးလဲ ဆိုတာ မင်းသိထား ပြီးပြီလား နေညို..."

ပြောပြီး ခန်းဆီးကို ဆွဲပိတ်ကာ အပြင်ဘက် အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။

"ဦးစီး ဆိုတဲ့ သူက အပြင်မှာသာ politic ဆန်တဲ့ လူကောင်းတစ်ယောက်ဖြစ်နေပေမယ့် သူ့ အနောက်မှာ လူအသိမခံတဲ့ စီးပွားရေးတွေ လူပ်ရှားမူတွေ ရှိနေတယ်...မင်း နားလည်အောင် ပြောရမယ် ဆိုလျှင် သူက နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို အတားအဆီးမရှိ ဘိန်းတင်သွင်းနေတဲ့ ဘိန်းရာဇာ တစ်ယောက်ပဲ..."

နေညို ဆွံအသွားရပါသည်။ မထင်ထားသော မင်းလူ ရဲ့ စကားတွေရဲ့ အဆုံးမှာ ခ အတွက် စိုးရိမ်စိတ်တို့နှင့် မွန်းကျပ်သွားသည်။

"ငါ ဦးစီးရဲ့ အနောက်ကို လိုက်နေတာ ကြာပြီ နေညို.. ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စျေးဝယ်စင်တာတွေကို အရှေ့က ဘန်းပြပြီး အနောက်မှာတော့ ဒုစရိုက်မူတွေနဲ့ ပြည့်နှက်နေတာပဲ.. ဘိန်း တစ်ခုတည်းတင် မဟုတ်ဘဲ၊ လက်နက်နဲ့ လူကုန်ကူးမူ တွေပါရှိနေတယ်... ငါတို့ သက်သေ မခိုင်လုံသေးလို့သာ.. ဒီအတိုင်း စောင့်ကြည့်နေရုံပဲ ရှိသေးတာ... မကြာသေးခင်ကတောင် သူတို့ အဖွဲကို နယ် ဘက်မှာ ပစ်ခက်မူတွေ ရှိတယ် ဆိုတဲ့ သတင်းကြားတယ်.. ဒါပေမယ့် ဘယ်လိုဖုံးဖိလိုက်တယ် မသိရဘဲ သတင်းက ပျောက်သွားတယ်.. နေညို..."

"ဒါဆိုရင်... သူက ခ အတွက် အသက်အန္တရာယ် ရှိနိုင်တာပဲ မင်းလူ..."

"ငါတော့ ဒီလို့ မထင်ဘူး.. နေညို.. ဦးစီး မိန်းကလေးတွေနဲ့ ပက်သက်ရှယ်နွယ်ခဲ့တယ့် သတင်းတွေက အရင်က ဖောင်းပွနေခဲ့သလောက် အခု မိုးမခ ဆိုတဲ့ မိန်းကလေးနဲ့ ကျမှ တစ်ယောက်ဆို တစ်ယောက်ဖြစ်နေတာ.... အဲဒါက မင်း အတွက် အန္တရာယ် နေညို..."

သူ့ မျက်နှာကို ကြည့်၍ အလေးအနက် စကားတွေ ပြောနေပေမယ့် နေညို စိတ်ထဲမှာ ရှိနေတာ ခ တစ်ဦးတည်းပင်။

"ငါ အဲဒါတွေ ဂရုမစိုက်ဘူး မင်းလူ.... ငါ ကို တစ်ခုပဲ ကူညီကွာ... ခ ရဲ့ မေမေကို ဦးစီးတို့ ဘယ်နေရာမှာ ထားသလဲ ဆိုတာကို သိရအောင် မင်း စုံစမ်းပေးပါကွာ... "

"အဲဒါက ငါ အတွက် သိပ်မခက်ခဲဘူး နေညို.. ငါ ကူညီနိုင်တယ်...ဦးစီးရဲ့ အနားမှာလည်း ငါရဲ့ UC(under cover) တွေ ရှိတယ်. မိုးမခရဲ့ အမေကို ပြန်တွေ့ပြီ ဆိုရင်ရော.. မင်း ဘာဆက်လုပ်မှာလဲ...မင်း ဒါတွေ လုပ်နေတာ မမထိုက်ရော သိလား..."

နေညိုမောင် စူးစိုက်နားထောင်နေရာမှ သက်ပြင်းကို မျှင်းမျှင်းချကာ

"မမထိုက် မသိသေးဘူး...ကိုနိုင်ကိုလည်း ငါ အကူအညီတောင်းတဲ့ အကြောင်း မပြောနဲ့ဦး ..."

"ကောင်းပြီလေ... နေညို... ငါ ဒီကြားထဲ အကြောင်းထူးရင် ဖုန်းဆက်လိုက်မယ်... တစ်ခုပဲ သတိထားကွာ... မင်း တို့ အချစ်ရေးကို ငါ ဝင်စွက်ဖက်တာ မဟုတ်ပေမယ့်လည်း မင်း နဲ့ မိုးမခ တို့ရဲ့ ပက်သက်မူကို ဦးစီး မသိတာ မကောင်းဆုံး ဖြစ်မယ်လို့ ထင်တယ်... "

နေညို ခေါင်းကိုသာ သွက်သွက် ငြိမ့်ပြီး မင်းလူကို နှုတ်ဆက်ကာ ပြန်ခဲ့လိုက်သည်။
သာမန် ဩဇာညောင်းလှသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟု ထင်ထားခဲ့သည့် သူက တစ်ကယ့်ကို သူ မတူနိုင်လောက်အောင် ကြီးမားတဲ့ ဒုစရိုက် လုပ်ငန်းကြီးရဲ့ ခေါင်းဆောင်တဲ့လား။

******************************
"မောင်မောင်... မမတို့ ခဏ စကားပြောရအောင်...."

လေးလံတဲ့ ခြေလှမ်းတွေနှင့် အိမ်ထဲကို လှမ်းဝင်လာသည့် နေညိုကို မမထိုက် ဧည့်ခန်းကြီးထဲမှာ ထိုင်စောင့်နေသလိုမျိုး သူ့ကို တွေ့တာနှင့် လှမ်းခေါ်သည်။

"ဟုတ်ကဲ့ ပြောပါ မမ"

"မောင်မောင် မင်း ဘာတွေ လုပ်နေတာလဲ.."

"ကျွန်တော်..."

သူ ဘာပြန်ဖြေရမယ် မသိ။ မမထိုက်ကို လိမ်ညာပြောဖို့ လိပ်ပြာမလုံပေမယ့် ခ နှင့် ကိစ္စကိုလည်း အခုအချိန် ဖွင့်ပြောဖို့ မဖြစ်နိုင်သေး။

မမထိုက်ကို ဖွင့်ပြောမယ် ဆိုလျှင် မမထိုက်က ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် တားမယ်ဆိုတာ သူ ကြိုသိနေသည်။

နှုတ်ခမ်းမှာ မုသားတွေ ဆင်နေသည့် သူ စကားလုံးတွေ ထွက်မကျလာခင်မှာပင် မမထိုက်က ကြိုတင် လက်ကာပြရင်း..

"မင်း မိုးမခ ဆိုတဲ့ ကောင်မလေးနှင့် ပြန်ပြီး ပက်သက်နေတယ် မဟုတ်လား မောင်မောင်..."

အမှတ်တမဲ့ မေးလိုက်သည့် မမထိုက် စကားကို သူ မျက်လုံးအပြူးသားနှင့် ဟန်မဆောင်နိုင်ဘဲ ငေးကြည့်လိုက်ချိန်မှာပင် မမထိုက် တစ်ချက်ကလေး ပြုံးလိုက်သည်။

ထို အပြုံးမျိုးက နေညို မမထိုက်နှင့် ရင်းနှီးခဲ့ဖူးသည့် ကာလ တစ်လျှောက်လုံး မမြင်ဘူးခဲ့သည် အပြုံးမျိုးပင်။

ဘယ်လောက်အထိ အဓိပ္ပာယ်တွေ နက်ရိူင်းနေသလဲ ဆိုတာကို သူ သေချာ မသိပေမယ့် ခ နှင့် မပက်သက်စေချင်သည့် မမထိုက်ရဲ့ တားမြစ်မူက လွန်တာထက်ကို ပိုနေသည် ဆိုတာတော့ သူ ရေးရေးလေး မြင်လိုက်ရသည်။

"ဘာလဲ ဟုတ်နေလို့ လန့်သွားတာလား..."

မခိုးခနဲ့ နှင့် မေးလိုက်သည့် မေးခွန်းကြောင့် မမထိုက်များ သူ နှင့် ခ အနောက်ကို shadow လိုက်သလားဆိုသည့် အတွေးက သူ နှလုံးသားကို ပူခနဲ ဆို့နင့်သွားသည်။

"မမထိုက်က ဘာတွေ သိထားလို့လဲ...."

"မမထိုက် သိထားတာထက် မင်း ပါးစပ်က ဖြေတာကို မမထိုက်က ကြားချင်တာလေ... ဖြေပါ... မောင်မောင်... မင်း နဲ့ အဲဒီ မိန်းကလေးနဲ့က ဘယ်အခြေအနေကို ရောက်နေတာလဲ..... နောက်ဆုတ် လို့ ရသေးတဲ့ အခြေအနေ ဆိုလျှင် မင်း နောက်ဆုတ်လိုက်ပါ မောင်မောင်... အဲဒီလိုမှ မဟုတ်လျှင်လည်း မမထိုက် ဝင်ပါ ဖြေရှင်းပေးမယ်..."

မမထိုက်ရဲ့ စကားလုံးတွေက သူ မြတ်နိုးရတဲ့ ခ ရဲ့ သိက္ခာတရားကို ထိပါးလာတာမို့ သူ သည်းမခံနိုင်ဖြစ်လာလျက် ခပ်ထန်ထန် စိုက်ကြည့်မိကာ

"မမထိုက်... ခ ကို အဲဒီလိုမျိုး မပြောပါနဲ့... ကျွန်တော်နဲ့ ခ တို့ ချစ်ကြတာ ရိုးရိုးလေးပါ..."

မမထိုက်က သူ့ စကားအဆုံးမှာတော့ ဟက်ခနဲ ရယ်သည်။

"ရိုးရိုးလေး ချစ်ကြတာ ဟုတ်လား.. မောင်မောင်... မင်းကွာ နိုင်ငံခြားအထိ ပညာတွေ သင်ကြားခဲ့တာ.. မင်း ဒီလောက် အ မယ်လို့ မမထိုက် မထင်ထားဘူး... မင်း နဲ့ ကြမှ အဲဒီ မိန်းကလေးက ရိုးသားမှာတဲ့လား.. မင်း မေ့နေပြီလား.. မိုးမခ ဆို့တဲ့ ကောင်မလေးက အခုအချိန်အထိ ဦးစီး စိတ်ကြိုက် ချယ်လှယ်ခွင့် ရထားတဲ့ မိန်းကလေးနော်..... ဘယ်ကျားမှ ဥပုဒ် မစောင့်ဘူး မောင်မောင်.. "

"မမထိုက်... တော်ပါတော့ဗျာ..."

"မတော်နိုင်ဘူး မောင်မောင်.... မင်းကို ဒီလိုမျိုး လူသူ တစ်လုံး ဖြစ်လာအောင် မမထိုက် စောင့်ရှောက်လာခဲ့တာ ဘာ မဟုတ်တဲ့ မိန်းကလေး လက်ထဲကို ထည့်ပေးလိုက်ဖို့ မဟုတ်ဘူး... မမထိုက် မျှော်လင့် ခဲ့တာတွေ အများ​ကြီး ...."

နက်ရိူင်းတဲ့ မျက်ဝန်းတွေမှာ အရည်ကြည်တို့နှင့် ပြည့်နှက်နေသည့် မမထိုက်ကို သူ နားမလည်နိုင်အောင် ဖြစ်လာသည်။

မမထိုက် သူ့ကို ရိုးသားစွာ ချစ်ခင်ခဲ့တာရော ဟုတ်ရဲ့လား။ မမထိုက် မျှော်လင့်နေသည်က ဘယ်အရာများလဲ။

တွေးရင်းနှင့် ရင်တွေတုန်လာရ​ပြီး ဒေါသတွေနှင့် ယိမ်းထိုးမတတ် ဖြစ်နေသည့် မမထိုက်ကို သူ နားမလည်နိုင်အောင် ငေးကြည့်မိသည်။

မမထိုက်က ထိုင်နေသည့် ဆိုဖာ အကြီးကြီး ဆီမှ သူ နားသို့ ပြောင်းရွေ့လာထိုင်ပြီး တိုးယင်းလှသော လေသံနှင့်ပင်

"မောင်မောင်... မင်း အဲဒီ မိန်းကလေးကို မေ့ပစ်လိုက်စမ်းပါ... မင်း အနားမှာ မိုးမခ ထက်သာတဲ့ လူ တစ်ယောက် အမြဲတမ်း မင်းကို စောင့်နေတယ် ဆိုတာ မင်း မမြင်ဘူးလားဟင်..."

မမထိုက်က တစ်စောင့်အနေအထားနှင့် ထိုင်နေသည် သူ ပခုံးပေါ်သို့ မေးကလေး တင်ရင်းမေးလိုက်တော့ သူ ကြက်သီးမွေးများပင်ထလာကာ ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်မိသည်။

သူ့ အပြုအမူကြောင့် မမထိုက် မျက်နှာ အပျက်ကြီး ပျက်သွားခဲ့ပေမယ့် ဟန်ကိုကို့ရင်း

"မောင်မောင်... သိအောင် မမထိုက် တစ်ခုတော့ ပြောလိုက်မယ်... အဲဒီ ခ ဆိုတဲ့ မိန်းကလေး နှင့် မင်း ဆက်ပြီး ပက်သက်နေဦးမယ် ဆိုလျှင်တော့ မင်း သဘောနှင့် မင်း... မင်း ဘ၀နဲ့ မင်းပဲ...မမထိုက် ပြောတာ မင်း သဘောပေါက်တယ် နော်..... "

ချိန်းချောက်တာ မဟုတ်ပေမယ့် အသိပေးသလို စကားကို ခပ်ပြတ်ပြတ်ပြောကာ မမထိုက် သူ့ အနားမှ ထွက်သွားသည်။

ခ နဲ့ မဟုတ်ဘဲ အခြားသော မိန်းကလေး တစ်ယောက်ယောက်နှင့် ပက်သက်လာလျှင်လည်း မမထိုက်က ဒီလို စကားမျိုး ပြောလာမှာ မဟုတ်လား ဆိုသည့် မေးခွန်းကို သူ စိတ်ထဲမှာ ပြန်မေးလိုက်မိသည်။

သာမန် မဟုတ်တဲ့ ထူးခြားလွန်ကဲတဲ့ ဂရုစိုက်မူတွေ ယုယကြင်နာမူတွေရဲ့ နောက်ကွယ်က ရည်မှန်းချက်က ဒီလိုဆိုလျှင်တော့ မမထိုက်ကို ခွင့်လွှတ်ပါ ဆိုသည့် စကားက လွဲ၍ အခြား ပြောစရာ စကား သူ ရှာလို့ မရ။

မမထိုက်ကိုလည်း ခံစားရမည့် စကားမျိုး သူ မပြောလိုပေ။ ဒါပေမယ့် သူ့ ဘ၀ တစ်သက်တာမှ ခ က လွဲ၍ ဘယ်သူကိုမှလည်း ချစ်မရတာ သူ ကိုယ်သူ သိသည်။

ကျေးဇူးတရားတွေနှင့် ချုပ်နှောင်မူတွေရဲ့ အောက် သူ ဘယ်လို ရုန်းထွက် တိမ်းရှောင်ရမည်လဲ။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now