10

246 27 9
                                    

သူ့ရှေ့မှာ လက်ကိုပိုက်ထားရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ မေမေ့ကို ဂျဲနို လျစ်လျူရှုထားမိသည်။ ဂျဲနိုမှာ ဒဏ်ရာတွေရနေလို့ မေမေက မိသားစုဆရာဝန်ကို လှမ်းခေါ်ထားတာမို့ မေမေကတော့ လက်မှာပတ်ထားတဲ့ နာရီကို တကြည့်ကြည့်...။ တစ်ခါခါဆို သက်ပြင်းတွေချပြီး ဂျဲနိုကို ငုံ့ကြည့်လာတတ်သေးသည်။

ရဲစခန်းကနေ အိမ်ကိုပြန်လာတဲ့အထိ စကားတစ်ခွန်းမှ မပြောခဲ့သလို အခုထိလည်း စကားမပြောလာသေးလို့ မေမေလည်း တော်တော်လေး စိတ်တိုနေလောက်ပြီ။ ဂျဲနို ဆစ်ခနဲနာသွားတဲ့ နံရိုးပေါ်ကို လက်နဲ့ဖိထားရင်း ခေါင်းငုံ့ထားလိုက်မိ၏။

ခဏလောက်နေတော့ တစ်နှစ်နေလို့ တစ်ခါတောင် လာရလေ့မရှိတဲ့ မိသားစုဆရာဝန်ဆိုသူက သုတ်တီးသုတ်ပြာနဲ့ ရောက်လာလေသည်။ အဲ့ဒီတော့မှ မေမေက ဂျဲနိုဘက်ကိုလှည့်ကြည့်လာပြီး...

"သွား.. အဝတ်အစားသွားလဲပြီး ပြန်ဆင်းလာခဲ့!"

ဂျဲနို လေးကန်စွာနဲ့ထပြီး အပေါ်ထပ်ကို တက်လာလိုက်ရသည်။ ထို့နောက် ခန္ဓာကိုယ်ကနေ ‌ဖုန်နံ့တွေ၊ ချွေးနံ့တွေပါ ထွက်နေသလိုခံစားရတာနဲ့ တစ်ခါတည်း ရေဝင်ချိုးဖြစ်၏။ ရေချိုးရင်း မှန်ထဲကိုကြည့်မိမှ သူ့မျက်နှာက တော်တော်လေး စုတ်ပြတ်သတ်နေမှန်း မြင်လိုက်ရတာပင်။ ဗိုက်မှာလည်း ခပ်ရဲရဲ ဒဏ်ရာတွေရှိနေပြီး ထိကြည့်တော့ အသားကြေနေသလို နာသည်။

သူတောင် ဒီလိုမျိုး တစ်ခါတစ်လေ ဒဏ်ရာရရုံနဲ့ နာကျင်နေရရင် ဂျယ်မင်းဆို နေ့တိုင်းနီးပါး ဒဏ်ရာပေါ် ဒဏ်ရာတွေဆင့်ပြီး ရနေမှာမို့ ဘယ်လောက်နာကျင်ရလိုက်မလဲလို့တွေးရင်း စိတ်တိုရပြန်သည်။ ထို့ကြောင့် ဂျဲနိုက ရှေ့တည့်တည့်ကမှန်ကို ဒုန်းခနဲ ထိုးချပစ်လိုက်တာမို့ မှန်က အက်သွားပြီး ဂျဲနိုရဲ့လက်ကနေလည်း သွေးတွေစီးကျလာတော့သည်။

"ရှီးဘားလ်!!!!"

ဂျဲနို အော်ဟစ်ပစ်လိုက်ရင်း ရေချိုးတာကို အဆုံးသတ်လိုက်ရသည်။ နောက်တော့ အဝတ်အစားလဲပြီး အောက်ထပ်ကိုပြန်ဆင်းလာတော့ မေမေက မိသားစုဆရာဝန်နဲ့ စကားပြောနေတာကိုတွေ့ရ၏။ တကယ်တော့ စကားပြောနေတာမဟုတ်ဘဲ ဆရာဝန်မေးသမျှကို မေမေက ပြန်ဖြေနေရတာပင်။

tbh [Ongoing....]Opowieści tętniące życiem. Odkryj je teraz