အပိုင်း ရှစ်

2.5K 404 71
                                    

စားပွဲဝိုင်းတစ်ခုလုံးမှာ ဒယ်ဒီ့အသံချည်းပဲ ကြားနေရတော့ ဒီညစာစားပွဲက မာမီ့ရည်းစားနဲ့ သူတို့သားအဖကို မိတ်ဆက်ပေးတာလား၊ ဒယ်ဒီ့ ငယ်သူငယ်ချင်းနဲ့ သူတို့သားအမိကို မိတ်ဆက်ပေးတာလား တကယ်မသဲကွဲတော့ဘူး။

ဒယ်ဒီက တကယ်ထူးဆန်းတယ်။ မိန်းမဟောင်းက ရည်းစားရသွားတာကို နည်းနည်းမှ အပြုံးမပျက်တဲ့အပြင် အဲဒီလူနဲ့တောင် စကားတွေဖောင်ဖွဲ့နေလိုက်တာပုံများ။ ပူကြူးကတော့ ဘာလုပ်ရမှာလဲ ဖုန်းပဲသုံးနေတာပေါ့။ ဝင်ပြောစရာ စကားလည်း မရှိသလို စိတ်ထဲကမပါဘဲနဲ့ သွားအဖြီးသားကလည်း မလုပ်တတ်တော့ စားစရာရှိတာစားပြီး ဖုန်းကြည့်နေလိုက်တော့တာပဲ။

ဒယ်ဒီကလည်း ပူကြူးလိုပဲ သူသာစိတ်မပါရင် အားနာပါးနာတောင် မဖော်ရွေပြတတ်တဲ့သူမို့ အခုတော့ သူစိတ်ပါလက်ပါ ပြောနေတာပဲ ထင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း စကားဝိုင်းကြာလာမှ ပူကြူးနားလည်လိုက်တာက ဒယ်ဒီက စကားပြောရင်းနဲ့ ဒီလူရဲ့ အကျင့်နဲ့ သဘောကို နှိုက်ထုတ်နေတာပဲလို့လေ။

အေးလေ ဒယ်ဒီက ဒီလောက် မလွယ်ကူပါဘူးလို့ ထင်တော့ထင်မိသား။ တစ်ချက်ပြုံးလိုက်မိတော့ ဒယ်ဒီက လှမ်းကြည့်ပြီး မျက်စိတစ်ဖက်မှိတ်ပြတယ်။ ကြည့်ပါလား တကယ်ကို ဒယ်ဒီပီသပါပေတယ်။ မူးအောင်တိုက်ပြီး ဗီဇအမှန်ကို ညှစ်ထုတ်ဖို့ ကြိုးပမ်းနေတာ။ မာမီကတော့ ဘာမှမသိရှာ။ သူ့အိမ်ထောင်ဖက်အဟောင်းနဲ့ အသစ်တို့ သင့်သင့်မြတ်မြတ် စကားတွေ ဖောင်ဖွဲ့နေပါလားလို့ ဝမ်းသာနေပုံနဲ့။

မာမီ အဲဒီလို အေးပုံ၊ အပုံနဲ့တော့ ဒုက္ခပါပဲ။ မတတ်နိုင်ဘူးလေ သားသမီးကတော့ မိဘကို သွားဆုံးမလို့မှ မရတာ။ လမ်းမှားသွားတော့လည်း ပြန်သွားခေါ်ရုံပေါ့ ဒါပဲရှိတာ။ ဒီဦးလေးကြည့်ရတာတော့ ရည်ရည်မွန်မွန်ပါပဲ။ ပူကြူးကို ရည်းစားရဲ့သမီးလေးဆိုပြီး တအားအလွန်အကြူး စကားရောဖောရော လုပ်ချင်တာလေးက လွဲရင် မဆိုးပါဘူး။

မာမီက သူ နောက်အိမ်ထောင်ပြုမယ့်ကိစ္စကို ပူကြူးကို လာပြောတဲ့အချိန်တုန်းက အေးအေးဆေးဆေးပဲ လက်ခံပေးလိုက်တာမို့ တစ်ခုခုမှားနေတယ်လို့တောင် ထင်ရှာတာ။ ဒယ်ဒီနဲ့ လမ်းခွဲပြတ်စဲပြီးတဲ့အကြောင်းကို အခုမှပြောပြဖြစ်လို့ တောင်းပန်တာလည်း အထပ်ထပ်ပဲ။ စိတ်ထိခိုက်လားဆိုရင်တော့ သေချာပေါက်ပဲပေါ့။ သိထားခဲ့တယ်ဆိုပေမယ့် တရားဝင်မှ မဟုတ်တာလေ။

ဒီဇင်ဘာမှသည် (Starting in December Season II)Where stories live. Discover now