မာမီပြောသမျှတွေ နားထောင်ပြီးသွားတော့ စိတ်ထဲမှာ ရှုပ်ထွေးပြီး ကျန်ခဲ့ရပြန်တယ်။ ပူကြူးလည်း ဘယ်တော့များမှ ဒီစိတ်အရှုပ်တွေကြားကနေ လွတ်နိုင်မယ်ဆိုတာ မသိတော့ဘူး။ ဒယ်ဒီက အခုထိ ပူကြူးကို သေချာမပြောသေးဘူး။ ပြောချိန်ကလည်း မရှိဘူးဆိုတာ နားလည်ပါတယ်။မိုချီပြန်သွားပြီး စကားပြောမယ်ဆိုကာမှ ဒယ်ဒီမိသားစု လာသွားပြန်တော့ တစ်ခါ ဒယ်ဒီ့ကို သနားရပြန်ရော။ ဒယ်ဒီက အဲဒါကြောင့် သူ့မိသားစုအကြောင်း တစ်ခါမှမပြောတာဖြစ်မယ်။ ပူကြူးတို့ မိသားစုမှာ စည်းတစ်ခုရှိတယ်။ အဲဒါက တစ်ယောက် မပြောချင်တဲ့ အကြောင်းအရာကို နောက်တစ်ယောက်က အတင်းအကြပ်မမေးတာပဲ။ အဲဒါကြောင့်လည်း ဒယ်ဒီ အခုထိ ပူကြူးနဲ့ စကားထိပ်တိုက်မပြောသေးတာကို ဖိအားမပေးချင်ခဲ့တာ။
ငယ်ငယ်ကတည်းက ဒယ်ဒီ့မိသားစုအကြောင်း ပူကြူး မကြားခဲ့ဖူးသလို တွေ့မဲ့တွေ့တော့လည်း တစ်ပြုံလိုက်ကြီး။ လုံးဝမသိခဲ့တာမို့ စိမ်းနေရတဲ့အထဲ ဒယ်ဒီ့ကို ဆက်ဆံပုံက နှိမ်ချသလိုမျိုးမို့ တစ်ခါတွေ့ ဆယ်ခါမုန်း ဖြစ်သွားရတဲ့အထိ။
အဘွားကနေစပြီး ကျန်တဲ့ မောင်နှမနှစ်ယောက်လုံး ဒယ်ဒီနဲ့ ရုပ်ရည်ရော နာမည်တွေပါ ဆင်တူကြပေမဲ့ ဒယ်ဒီ့လို စိတ်မျိုး ခံစားလို့မရနေခဲ့ဘူး။ ဒယ်ဒီအမြဲပြောခဲ့သလို သွေးသားတော်စပ်မှ ဆွေမျိုးမဟုတ်ဘူးဆိုတာ တကယ်ကြီးနေမှာ။ သွေးသားတော်စပ်တိုင်းလည်း ဆွေမျိုးဖြစ်မလာနိုင်ခဲ့တာ အသိသာကြီးပဲလေ။
ဒယ်ဒီက ဘယ်လောက်ပဲ သူ့ကို ဂရုမစိုက်တဲ့လူတွေအပေါ် အဖက်မလုပ်တတ်ဘူးဆိုပေမဲ့ ဒါ သူ့ကို မွေးထုတ်ထားတဲ့ မိသားစုပဲလေ။ အနည်းနဲ့အများတော့ စိတ်ထိခိုက်မှာပဲ။ ဒယ်ဒီ့နှုတ်ခမ်းတွေ တင်းတင်းစေ့ထားတာ၊ ခနဲ့တဲ့တဲ့နဲ့ ထီမထင်ဟန် မျက်လုံးတွေမှာ ဝမ်းနည်းရိပ်တွေ ဖြတ်ပြေးသွားတာ၊ ဒယ်ဒီ့ စကားတွေမှာ နာကျင်သံတွေ စွက်နေတာ ပူကြူး အကုန်မြင်ပါတယ်။ ဒီအဖေက မွေးထားတဲ့ ဒီသမီးပဲလေ ဒယ်ဒီ့မျက်လုံးတွေကို အမြဲတမ်းဖတ်တတ်ခဲ့တာပေါ့။
မိသားစုဆီက အချစ်မခံခဲ့ရတဲ့ ကလေးလေး ဖြစ်ခဲ့တာပေါ့ ဒယ်ဒီကလေ။ အဲဒါကြောင့်မို့ ပူကြူးကို အများကြီးချစ်ပေးပြီး နွေးထွေးခဲ့တာလား။ ဒယ်ဒီ့ ငယ်ဘဝလိုမျိုး မဖြစ်စေချင်လို့ ပူကြူးကို ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးနဲ့အတူ အမြဲတမ်းထွေးပွေ့ပေးခဲ့တာနေမှာ။ ဒီလောက်ပြည့်စုံနေတဲ့ ဒယ်ဒီ့မှာ ဒီလို ငယ်ဘဝစိတ်ဒဏ်ရာတွေ ရှိနေခဲ့သတဲ့လား။ ပူကြူး စိတ်မကောင်းလိုက်တာ။
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။