“မြေ့ရေ … မြေ့”
အိပ်ခါနီးမှ ခြံရှေ့က မသဲမကွဲ အော်သံသဲ့သဲ့ကြောင့် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ခြံရှေ့မှာ လူတစ်ယောက်ပဲ။ နာရီကြည့်တော့ ည ၁၂ နာရီတောင်ကျော်နေပြီ။ မိုးတွေကလည်း အချိန်အခါမဟုတ် သည်းသည်းမည်းမည်းရွာနေသေးတာကို ဘယ်သူပါလိမ့်။
“ဟဲ့ အိမ်ရှေ့က ခေါ်သံလားလို့”
“အေး ဟုတ်တယ် ငါသွားကြည့်မလို့။ ထီးပေးစမ်း သွဲ့”
“ရော့ … ရော့ ဘယ်သူမှန်းလည်းမသိဘူး အနားမကပ်နဲ့ ခြံထဲကပဲ ပြောနော်”
“အေးပါ စိတ်ပူမနေနဲ့။ ဟော သမီးပါ ထွက်လာပြီ ဘာမှမဖြစ်ဘူး မင်းအမေနားနေဦး။ ဒယ်ဒီ သွားကြည့်လိုက်ဦးမယ်”
ထီးယူပြီး ထွက်လာလိုက်တော့ အော်သံက ပိုကျယ်လာတယ်။
“မြေ့ … တံခါးဖွင့်ပေးပါဦး။ ကျွန်တော်ပါလို့။ မြေ့ရေ … မြေ့”
စောက်ကျိုးနည်း …. လင်းယံပဲ။ ဒီကလေး ဒီအချိန်ကြီး ဘာများဖြစ်လို့လဲကွာ။
လင်းယံလို့ သိလိုက်တာနဲ့ ခြေလှမ်းက အလိုအလျောက်ပြေးမိသွားပြီး ခြံတံခါးကို အမြန်ဖွင့်လိုက်မိတယ်။
“လင်းယံ … လင်းယံ ဘာဖြစ်လို့လဲ”
“မြေ့ ဘာလို့ ဖုန်းမကိုင်တာလဲ။ ကျွန်တော်ဆက်နေတာ အများကြီးရှိနေပြီ ဘာလို့ ဖုန်းမကိုင်တာလဲလို့”
တစ်ကိုယ်လုံး မိုးရေတွေစိုရွှဲရက်သားကြီးနဲ့ ကျွန်တော်မေးနေတာကိုလည်း အာရုံမရှိဘဲ သူ့ဖုန်းကိုပဲ အတင်းထိုးပြနေတယ်။ ထီးကို သူ့ဘက်ဆောင်းပေးရင်းနဲ့ အသည်းအသန် ဖြေရပြန်တာပေါ့။
“ဖုန်းက ပူနေလို့ခဏပိတ်ထားလိုက်တာ။ ဘာဖြစ်လို့လဲ ဟင် … ကလေး။ ဘာဖြစ်လို့ ဒီအချိန်ကြီး …”
မေးတာတောင်မဆုံးလိုက်ဘူး ကျွန်တော့်ပခုံးပေါ် မျက်နှာမှောက်ချလိုက်တာမို့ အကျင့်ပါနေတဲ့လက်က ခါးကို ဆွဲဖက်ထားမိရက်သား။
“မြေ့ကို လွမ်းလို့ … အရမ်းလွမ်းလို့။ မြေ့ပြန်မလာတာ ကြာလှပြီလေ”
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။