"Morning သမီးလေး"
"Morning ဒယ်ဒီ"
အိမ်မှာက အခန်းနှစ်ခန်းပဲရှိတာမို့ ဒယ်ဒီက တစ်ခန်း ပူကြူးနဲ့ မာမီကတစ်ခန်း အတူသုံးရတယ်။ ဒါပေမယ့် ပူကြူးက အရွယ်ရောက်နေပြီဆိုပြီး ဒယ်ဒီကပဲ အခန်းအသေးလေး ထပ်ကန့်ပေးတာမို လွတ်လွတ်လပ်လပ်နေလို့ရတယ်။
ကံကောင်းတာက ညတုန်းက မာမီက သူ့လူနဲ့ မိတ်ဆက်ပေးတာကို ပျော်ရွှင်မြူးတူးပြီး အများကြီးသောက် မှောက်သွားလို့ တော်သေးတယ်။ မာမီ မူးနေရင် အိမ်မီးလောင်သွားတောင် မသိဘူးလေ။ ဒယ်ဒီကလည်း ညက ချိန်းထားတာရှိလို့ အိမ်ပြန်မအိပ်ဘဲ အခုမနက်မှ ပြန်လာတာမို့ အေးဆေးဖြစ်နေတာ။
"ပေါက်စီမ အမူးပြေပြီလား"
ခေါင်းနှစ်ဖက်ကို ကိုင်ပြီး အရက်နာကျနေတဲ့ မျက်နှာနဲ့ထွက်လာတဲ့ မာမီ့ကို ဒယ်ဒီက လှမ်းစတယ်။
"မပြေဘူး ခေါင်းကိုက်တယ်"
"ပူကြူး မင်း အမေကို လီမွန်တီးလေး ဘာလေး ဖျော်တိုက်လိုက်ဦး"
ဒယ်ဒီက ပူကြူးကို ပြောပြီးတော့ သူဝယ်လာတဲ့ မနက်စာတွေ ထည့်နေတယ်။ စကားများကြတဲ့နေ့က ဒယ်ဒီက နံရံကို ထိုးထားတာမို့ လက်ဆစ်တွေ ပွန်းနေတာမြင်ပြီး စိတ်မကောင်း။ ဒယ်ဒီတို့က မသိသလို နေနေတာမို့ ဒီတိုင်းပဲ ကြည့်နေရပြီး ပူကြူးဘက်ကလည်း အလိုက်တသိပဲ မမေးတော့တာ။
လီမွန်တီး ထဖျော်ပြီး တိုက်လိုက်တော့ ကျေးဇူးလို့ ပြောပြီး မအီမသာဖြစ်နေတဲ့ မာမီ့ကို ကြည့်ပြီး သားအဖနှစ်ယောက် ရယ်ရသေးတယ်။ မာမီကတော့ မျက်စောင်းတောင်မထိုးနိုင်ရှာပါဘူး။
မာမီလက်ထပ်ပြီးရင် ဒီလိုမိသားစု ထမင်းဝိုင်းမျိုး ထပ်ရနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီမို့ ပူကြူးက ဒီအချိန်လေးတွေကို တန်ဖိုးထားပါတယ်။ လူတွေဟာ ခွဲခွာကြရတာပဲ ပူကြူးကိုယ်တိုင်လည်း အရွယ်ရောက်လာရင် ထွက်သွားရမယ်ဆိုတာ သိနေပေမယ့် အဖေနဲ့အမေကို အစုံလိုက်မြင်ချင်သေးတဲ့ ဆန္ဒကိုတော့ မမြိုသိပ်ထားနိုင်ဘူး မဟုတ်လား။
မာမီ့ကိုလည်း အလွယ်တကူ ပေးလိုက်နိုင်တာတော့ မဟုတ်ပေမယ့် မာမီ့ဘဝတစ်လျှောက်လုံးလည်း ပင်ပန်းခဲ့ရရှာပါတယ်။ အခုချိန်ထိ သူဌေးသမီးလို ကြော့ကြော့လေး နေနေရတယ်ဆိုပေမယ့် မာမီ့မှာလည်း ဒဏ်ရာတွေ ရှိခဲ့တာကို အရွယ်ရောက်လာလေ ပိုသိလာလေပါပဲ။
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။