"ပူကြူး ... သမီး ဒယ်ဒီနဲ့ စကားပြောရအောင်"
မနက်စာ စားနေရင်းနဲ့ စကားစလိုက်တော့ သွဲ့က ဈေးသွားဦးမယ်ဆိုပြီး ရှောင်ထွက်သွားတယ်။
"ဟုတ်ကဲ့ ဒယ်ဒီ"
ကော်ဖီခွက်ကို တစ်ငုံယူသောက်ရင်းနဲ့ အသက်ပြင်းပြင်းရှုလိုက်တယ်။ ဘဝမှာ ဘာကိုမှ မကြောက်ဘူးလို့ ထင်ထားတဲ့ကောင်ကလည်း သမီးဖြစ်သူကို စကားစဖို့အတွက် ကြောက်နေရတာပဲတဲ့လား။
"အင်း ... ဒယ်ဒီ ဘယ်လိုစပြောရမယ်မှန်း မသေချာဘူး"
"ဒီတိုင်း ဒယ်ဒီပြောနေကျလို အေးအေးဆေးဆေးပဲ ပြောပါ"
"ဟုတ်ပြီ ... ဒယ်ဒီကြိုးစားကြည့်မယ်"
ကြိုးစားကြည့်မယ်ဆိုပေမဲ့ စကားလုံးတွေက အလိုက်သင့်ထွက်မလာဘူး။ ကိုယ့်စိတ်ခံစားချက်တွေကို ဆွေးနွေးတိုင်ပင်ဖို့အတွက် သမီးက လုံလောက်တဲ့အသက်အရွယ်တစ်ခုကို ရောက်နေပြီဆိုပေမဲ့လည်း ကျွန်တော်ကတော့ ရင်မောနေရတုန်းပါပဲ။
ကိုလင်းစက် ပြောခဲ့သလိုမျိုး သမီးအပေါ် အမြဲတမ်း တစ်ဖက်သတ်ကောက်ချက်ချခဲ့မိတယ်။ သမီးက သန်မာပါတယ်၊ နားလည်နိုင်တယ်ဆိုပြီး သမီးလေးအပေါ် ကိုယ့်အမြင်နဲ့ကိုယ် ဆုံးဖြတ်ခဲ့မိတာကို နောင်တရမဆုံးပါဘူး။
ဒါကြောင့်လည်း ဒီနေ့ သမီးလည်း သိပြီးလောက်မှာပါဆိုတဲ့ စကားမျိုးနဲ့ အစမပျိုးချင်ခဲ့ဘူး။ သမီး သိသည်ဖြစ်စေ၊ မသိထားဘူးဖြစ်စေ သမီးကို အစကနေအဆုံး အသိပေးချင်တယ်။ သမီးဘက်က တုန့်ပြန်မှုကိုလည်း နားထောင်ချင်တယ်။
ဘယ်လိုပဲ ဖြစ်နေနေ ခက်ခဲမယ်ဆိုရင်တောင် ကျွန်တော် လက်လျှော့မှာတော့ မဟုတ်ဘူးပေါ့။ လက်မှာ ပတ်တီးတွေ ရှိနေဆဲဆိုပေမဲ့ လက်သူကြွယ်က တက်တူးရှိနေတဲ့ နေရာကို အသာပွတ်သပ်လိုက်ပြီးတော့ အားယူရတယ်။
အာရုံထဲမှာ "ကျွန်တော့်ကို မထားသွားပါနဲ့ မြေ့ရယ်" ဆိုပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ လင်းယံအသံကို ပြန်ကြားမိတော့ စိတ်ကို တင်းလိုက်မိတယ်။ စိတ်ချပါ လင်းယံ။ ငါမင်းကို ဘယ်တော့မှ ထားမသွားတော့ပါဘူး။ ဘာတွေပဲ ဖြစ်လာလာ ရင်ဆိုင်ပေးပါ့မယ်။ မင်းငါ့အတွက် အမြဲတမ်းရှိနေခဲ့သလိုမျိုး တစ်ပုံစံတည်းလေ။
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။