အပိုင်း ဆယ့်နှစ်

3K 471 158
                                    

လက်နှစ်ဖက်လုံး ဖန်ကွဲစတွေ စိုက်ပြီး သွေးတွေအများကြီးထွက်နေတာကို ဒီတိုင်းမလှုပ်မယှက်ကြည့်နေတော့ သွဲ့က ငိုယိုပြီး ထုပါတော့တယ်။

"နှိုင်းမြေ့ညို နင် ရူးနေပြီလား။ နင် မကျေနပ်ရင် ငါ့ကို အပြစ်တင်လေ။ ဘာလို့အကြိမ်တိုင်း ကိုယ့်ကိုယ်ကိုယ် နာအောင်လုပ်နေရတာလဲ နင် စောက်ရူးလားလို့"

သွဲ့က လက်ကို မထိရဲထိရဲကိုင်ပြီး ဖန်ကွဲစတွေကို နှုတ်ရင်း သွေးပျက်မတတ်အော်လိုက်၊ ငိုလိုက်လုပ်နေပေမယ့် စိတ်ထဲက ထိခိုက်ခြင်းတွေထက် ဘာကမှ သူ့ကိုနာကျင်အောင် မလုပ်နိုင်တော့သလိုမျိုး သွဲ့ကို ငေးကြည့်နေမိတော့တာ။

"ညို ... နင် အသိစိတ်ဝင်စမ်း၊ နင် ငါ့ကို ထူးစမ်းလို့ ဟဲ့ ညိုရယ် ... ငါ သေချင်တယ် တကယ်ပဲ"

သွဲ့က ပြောရင်းနဲ့ အိမ်ရှေ့ကို ပြေးထွက်သွားပြီး ကားသွားငှားတယ် ထင်ပါတယ်။ ဒီသွေးလောက်က ဘာများဖြစ်မှာတဲ့လဲ သေမှမသေနိုင်တာပဲကို။ ကလေးကတော့ အဲဒီအမှတ်တရတွေကြားမှာ နေရင်း နေတိုင်းသွေးစိမ်းရှင်ရှင်ထွက်နေမှာ။ သူ့နှလုံးသားနုနုလေးက အနာတရတွေနဲ့ ဘယ်လောက်တောင် နာကျင်ယိုစိမ့်နေလိမ့်မလဲ။

"ညိုလာ ကားရပြီ ဆေးခန်းသွားမယ်"

သွဲ့ဆွဲခေါ်ရာနောက်ကို အသိမဲ့ လိုက်ပါသွားရင်း ကားပေါ်ရောက်တော့လည်း မျက်လုံးတွေကို မှိတ်သာချထားမိတော့တယ်။ ဆေးခန်းရောက်တော့ လက်ဖျံနားကို နည်းနည်းချုပ်လိုက်ရပြီး ဘယ်ဘက်လက်သန်းက အရိုးအက်သွားတယ်။ ကျန်တာတော့ ပြတ်ရှာရာတွေပါပဲ။

ဆေးခန်းကနေ အိမ်ပြန်လာတဲ့အထိလည်း သွဲ့က တစ်လမ်းလုံး ဆူပူလာတာ။ သွဲ့အသံကိုလည်း ကြားရတစ်ချက်၊ မကြားရတစ်ချက်ပဲ။

"ညို နင် အဲဒီလိုမလုပ်ပါနဲ့။ ငါတကယ် သွေးတက်ပြီး သေလိမ့်မယ်။ ငါဘယ်လို စိတ်ချထားခဲ့ရမလဲ။ သမီးရှိနေရင် ဘယ်လိုလုပ်မလဲ။ သမီးကို နင်ဒီလိုဖြစ်နေတဲ့ပုံကို မြင်သွားစေချင်တာလား။ ဟမ် နင် တစ်သက်လုံး သမီးရှေ့မှာ ကောင်းကောင်းမွန်မွန်နေလာခဲ့တာလေ။ သမီးမြင်ရင်လည်း စိတ်ထိခိုက်လိမ့်မယ်။ မဟုတ်ဘူး အဲဒါတွေထက် နင့်ကိုယ်နင် နာအောင်လုပ်လို့မရဘူးလေ။ ညို ကြားလား နင် ကြားလားလို့"

ဒီဇင်ဘာမှသည် (Starting in December Season II)Where stories live. Discover now