"ဟဲ့ ကားပေါ်ပြန်တက်လိုက်တော့ နင်တို့တွေကို ငါတကယ် ထုသတ်ချင်တယ်။ တစ်ကောင်ကလည်း ပြန်ခေါ်မှာပဲကို မူပြီးတော့ ဆင်းခိုင်းတယ်။ တစ်ကောင်ကလည်း ပြန်လာမယ့်ဟာကို ဆင်းသွားပြီး ပြေးလိုက်လာတယ်။ နင်တို့ကိုယ် နင်တို့ ရုပ်ရှင်ရိုက်တယ်များ မှတ်နေလား။ အမယ်လေး ငါ့ဇက်ကြော"
မနွယ် တဗျစ်တောက်တောက် ဆူပူနေတာကို ဘာမှပြန်မပြောနိုင်ဘဲ ရှက်ရယ်ပဲ ရယ်နေရတာပေါ့။ မတတ်နိုင်ဘူးလေ ဘောလိဝုဒ်ဆန်နေတာကို မသိလို့မှ မဟုတ်တာ။ ပြေးလိုက်မိလိမ့်မယ်လို့လည်း မထင်ထားမိဘူးကိုး။
ဒီကလေးကို နောက်တစ်ခါမကယ်နိုင်မှာ၊ သူ့ဆီမှာ အန္တရာယ်ကျလာတဲ့အခါ အနားမှာမရှိနိုင်မှာကို ကြောက်စိတ်က အရိုးထဲထိ လှိုက်ဖြာစိမ့်ဝင်လာတာမို့ မထိန်းထားနိုင်တော့ဘူး။ အဲဒီခဏလေးမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုလည်း ထည့်မတွေးနိုင်။ သိမ်ငယ်မှုတွေ၊ နာကျင်မှုတွေ အကုန်လုံးကို ဒီကလေးရဲ့ အသံဖျော့ဖျော့လေးက အကုန်ဖုံးအုပ်ပစ်လိုက်တော့တာ။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ လွတ်ထွက်သွားမယ်ကြံတိုင်း မဖြုတ်ပစ်နိုင်ရက်တဲ့ လက်ကလေးဆီမှာ ပြန်ပြန်ငြိတွယ်နေရတာကိုပဲ ပျော်လှပါပြီ။ လွှတ်ပေးခဲ့ရတဲ့ အချိန်ပမာဏတစ်ခုနဲ့ ထိုက်တန်အောင် အရာအားလုံး ပြန်ပေးပါ့မယ်။ အကြွင်းအကျန်တောင် မရှိစေရအောင် စိတ်ရောလူကိုပါ ပုံအောပေးပါ့မယ်။ ချစ်နိုင်စွမ်းထက် ကျော်လွန်ပြီးတော့ကို ချစ်မြတ်နိုးပေးပါ့မယ်။
ဖြစ်လာနိုင်သမျှ အကျိုးဆက်တိုင်းကို ရင်ဆိုင်မယ်။ တစ်ကြိမ်တစ်ခါလောက်တော့ ကိုယ့်အတွက်ကိုယ်ကြည့်လိုက်ချင်ပါတယ်။ ကိုယ့်အတွက်ကိုယ် ငဲ့ကြည့်တာဟာ သူ့ကို တစ်ချိန်လုံးမျှော်နေခဲ့တဲ့ ဒီကောင်လေးရဲ့ နှလုံးသားကို ကုစားတာလည်း ဖြစ်တာမို့ ထပ်မတွေဝေနေချင်တော့ဘူး။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဒီလက်ကလေးကို ထပ်မလွှတ်တော့ဘူး။ အတူတူသာ ဖြတ်သန်းရမယ်ဆိုရင် ငရဲဆိုလည်း တန်ပါတယ်။
ရင်ခွင်ထဲမှာ နွမ်းဖတ်ဖျော့လျစွာနဲ့ မှေးမှီနေတဲ့လူကို ငုံ့ကြည့်တော့ မျက်လုံးပြာလေးတွေ ဝိုင်းပြီး မော့ကြည့်တယ်။ ဖြူဖျော့ပြီး တုန်ယင်နေပေမယ့် သူ့မျက်လုံးတွေဟာ ပြာလဲ့ကြည်လင်စွာနဲ့ တောက်ပနေတယ်။
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။