Unicode
ရင်ခွင်ကျဉ်းကျဉ်းလေးဟာ ဆောင်းမနက်ခင်းတွေရဲ့နေခြည်လေးလို နွေးထွေးလွန်းသည်။အသက်လေငွေ့နွေးနွေးလေးဟာလည်း ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံထားသလိုနှယ်နွေးထွေးနေပြန်သည်။အမြဲခိုဝင်အိပ်စက်ခွင့်ရတဲ့ ဒီရင်ခွင်တစ်စုံကိုနုနှစ်သက်သည်။
မြတ်နိုးသည်။ဒီရင်ခွင်တစ်စုံဟာ ကိုယ့်အပိုင်လို့တွေးမိလိုက်ရုံနဲ့တင် နှလုံးသားတစ်ခုလုံးတုန်ယင်ပြီး အသွေးအသားတွေထဲထိစိမ့်အောင်ပင်
နွေးထွေးရသည်။ရင်ခွင်ထဲမှ ဖယ်ရှားလိုက်ချိန်၌ အတော်လေးလစ်ဟာသွားသလိုခံစားရသည်။ခန္ဓာကိုယ်မှရုန်းထွက်လိုက်သော်လည်း အိပ်မောကျနေသည့် မောင်ဟာနည်းနည်းလေးမှမသိ။အကယ်၍ နုရုန်းထွက်တာကိုသာသိရင်သေချာပေါက်ဆွဲထားမှာမဟုတ်လား။
လူလေးယောက်စာအတွက်မနက်စာပြင်ရမည်မို့ လုပ်ငန်းစဉ်တွေကို နုအလျင်အမြန်ဆောင်ရွက်ရသည်။ရေချိုးပြီးချိန်၌ ခုနစ်နာရီပင်ထိုးနေလေပြီ။အိပ်ယာပေါ်ကမောင့်ကို မနှိုးဖြစ်ဘဲ မနက်စာပြင်ရန် အောက်ထပ်ကိုသာ ဆင်းလာမိသည်။
အောက်ထပ်၌ အသံဟာ တိတ်ဆိတ်လွန်းနေလေသည်။မနက်စာကိုအလွယ်တကူပြင်လို့ရသည့် ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီကိုသာခပ်မြန်မြန်ပြင်ဆင်လိုက်သည်။ခြံထဲ၌ မြင်မကောင်းဖြစ်နေသည့် ပစ္စည်းတွေကိုတစ်ခါတည်းပင်ရှင်းလင်းရသေးသည်။အပေါ်ထပ်ကိုပြန်တက်ချိန်၌ ခုနစ်နာရီပင်ခွဲသွားပြီ။ကုတင်ထက်က မောင်ကတော့ အိမ်မက်ပင်မက်နေဆဲရှိဦးမှာပင်။
"မောင် ထတော့ကွယ်"
"အွန်း"
"ထတော့ အလုပ်နောက်ကျလိမ့်မယ်"
မျက်ဝန်းတွေကိုလက်နဲ့ပွတ်ပြီးဆံပင်တွေကိုဖွနေပုံက ငါးနှစ်သမီးလေးလိုနှယ် ချစ်စဖွယ်ကောင်းနေသည်။
"အိပ်ချင်သေးတယ်အန်တီရဲ့"
"ဟောတော် အိပ်ရေးမဝသေးဘူးလား"
"အင်း အိပ်ချင်သေးတယ်"
ရင်ခွင်ထဲကိုခေါင်းထိုးကာ ခါးတွေကို ဖက်တွယ်လာသည့်မောင့်ပုံစံဟာ အမှန်တကယ်အိပ်ရေးမဝသေးသည့်ပုံ။တိုးဝင်လာသည့် မောင့်ဆံပင်လေးတွေကိုသပ်ကာ နုသဘောတကျပြုံးမိသည်။
ESTÁS LEYENDO
"ေမာင့္ၾကင္နာသူ"(Completed)