အပိုင်း(၂၄)

276 21 1
                                    

အိမ်ပြန်လမ်းတစ်လျောက် တိတ်ဆိတ်လျက်။တစ်ဦးတစ်ယောက်က စကားစလာမည်ကို နားစွင့်နေကြသော်လည်း နှစ်ယောက်လုံးက ငြိမ်ချက်သားကောင်းနေဆဲ။အလာတုန်းက ဆုပ်ကိုင်လျက်ရှိသော လက်ဖဝါးနှစ်ဖက်က အပြန်တွင်တော့ ဖာသီဖာသာ။

စုံတွဲဖြစ်ဟန်တူသော လူနှစ်ယောက်ကို ခပ်လှမ်းလှမ်းတွင်မြင်နေရသည်။တစ်လမ်းလုံး မီးထိန်ထိန်လင်းနေသည်မို့ ကြည်နူးရိပ်သန်းနေသော မျက်နှာနှစ်ခုက အထင်းသား။ခြေဖျားထောက်ကာ အမျိုးသမီးက ပါးစပ်နားလက်ကာကာ တိုးတိုးပြောနေပြီး အမျိုးသားကလည်း သူ့အမျိုးသမီးမှီနိုင်လောက်သည်အထိ ခါးကိုကုံးချကာ ပြောလာသမျှကို အပြုံးနှင့်သာ တုန့်ပြန်သည်။

ထိုစုံတွဲကိုကျော်ခဲ့သည်အထိ ပုံရိပ်တို့ကိုမြင်နေရဆဲ။ငြိမ်ချက်သားကောင်းနေသော ဘုန်းရဲနှင့်အပြိုင်သွယ်ကလည်း တိတ်ဆိတ်လျက်။ဘေးချင်းယှဉ်လျောက်နေသော်လည်း ကမ္ဘာခြားထားသလို ခံစားရသည်။

အမွှေးနံ့တစ်ချို့ရမှ ပြန်ရောက်ပြီမှန်း သတိထားမိသည်။ရင်ဘက်ထဲရှိ လေးလံမှူတို့ အနည်းငယ်ပြေလျော့သွားရသည်။ဧည့်ခန်းကိုဖြတ်ကာ လှေကားပေါ်အထိ တိတ်ဆိတ်မှုက နေရာဖယ်မပေး။

"Good nightသွယ်"

တံခါးအပိတ်တွင်မှ စကားသံထွက်လာသည်။ အင်း ဆိုကာ ခပ်တိုးတိုးသံကို သူကြားမည်လားတော့ မသိ။

မအိပ်ခင် ကွန်ဒိုသန့်ရှင်းရေးလုပ်ထားရန် လက်ထောက်ထံ စာပို့လိုက်ရသေးသည်။ဆောက်လုပ်ရေးနှင့်ပက်သက်၍လည်း ညွှန်ကြာရသေးသည်။မနက်ဖြန် ကွန်ဒိုကိုပြောင်းမယ်။အလုပ်ထဲတွင်သာ စိတ်နှစ်ထားရမယ်။မဆိုင်တာတွေအတွက် အချိန်ကုန်ခံလို့မဖြစ်။

ထိုအသိတရားကို စိတ်တွင်သံမှိုရိုက်ကာ အိပ်ရာဝင်ခဲ့ရသည်။မျက်နှာချင်းဆိုင်အခန်းမှ သံပြင်းချသံကိုတော့ သွယ်ကြားနိုင်မယ်မထင်။

*******

အကျင့်ဖြစ်သောမျက်လုံးများက ၆နာရီထိုးသည်နှင့် alarmအကူသံမပါဘဲ နိုးထလာသည်။ပြတင်းပေါက်သို့သွားကာ တစ်နေ့တာကို စတင်ရန် အားယူရသည်။

သံသရာစက်ဝန်း(Season 2)(Completed)Where stories live. Discover now