အတွဲ ၁ - မြေခွေးမိစ္ဆာသခင်လေး
4 - ဓားသခင်အိမ်တော်မှ ရွှယ်လန် (part 2)
"အို?၊ ဓားဘုရင် ယွီ က ဆေးကို ဘယ်မှာ ဝှက်ထားတယ်ဆိုတာ မသိဘူးပေါ့?" ထန်လိစစ် က ဟွားဝူရန် လည်ပင်းပေါ်မှ သူ၏လက်ချောင်းများကို ဖြေးညင်းစွာဖြင့် တစ်ချောင်းပြီး တစ်ချောင်း တင်းအား လျော့ချလိုက်ပြီး "ဆေးဘယ်မှာ ဝှက်ထားလဲဆိုတာ ဟုန် မိန်းကလေး တစ်ယောက်ပဲ သိတယ်ပေါ့? ဒါဆို ကျေးဇူးပြုပြီး လမ်းပြပေးစေချင်တယ်။ ငါ .. ဟုန် မိန်းကလေးကို တွေ့ချင်တယ်။" သူသည် အပြုံးစွက်နေသည့် သိမ်မွေ့သောအမူအရာဖြင့် ပြောလိုက်၏။ ဟွားဝူရန် လည်း ပြုံးပြလိုက်သည်။ သို့သော် ထန်လိစစ် ၏လက်သည်းများက ဟွားဝူရန်၏ လည်ပင်းတွင် နက်ရှိုင်းစွာထိုးဝင်သွားရာ ဒဏ်ရာငါးချက်ကျန်ခဲ့ပြီး သွေးအနည်းငယ်ထွက်နေလေသည်။ အဆိပ်ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်သည့် ဟွားဝူရန်မှာ ထန်လိစစ်၏ လက်ချောင်းများတွင် အဆိပ်ပါကြောင်းကို နဂိုကတည်းက သိနေခဲ့သည်။ ထိုအဆိပ်က သေစေနိုင်လောက်သည်အထိ မပြင်းထန်သော်ငြားလည်း ပြသနာတော့ ရှိနေလေ၏။ ဟွားဝူရန်မှာ ဒဏ်ရာများ ရနေခဲ့ပြီး ဖြစ်၍ လေထဲ ပျံ့နှံ့လွယ်သော အဆိပ်ရည်၊ အဆိပ်မှုန့်များကို အသုံးပြု၍ မရသေးပေ။ ထန်လိစစ်ကလည်း ဤသို့ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် သူ့လည်ပင်းပေါ်ကို ဒဏ်ရာချန်ထားခဲ့ခြင်း ဖြစ်ရမည်ဟု သူယုံကြည်နေလေသည်။
သူ့လက်ချောင်းများတွင် အဆိပ်ရှိနေ၏။ ထန်လိစစ်သည် နဂိုကတည်းကကို ခန္ဓာကိုယ်တွင် အဆိပ်ရှိနေသူ ဖြစ်သည်။
ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ပေ။
"ဟုန် မိန်းကလေး က အနီရင့်ရောင် ထပ်ခိုးမှာ နေထိုင်တယ်။ သူ့ဘာသာသူ အပြင်ကို ထွက်မလာရင် ဘယ်သူမှ သူ့ကို မတွေ့နိုင်ဘူး" ဟု ပြောရင်း ဟွားဝူရန်က သက်ပြင်းချလိုက်၏။ "မင်းနဲ့ ငါ ဖောက်ထွင်းပြီး ဝင်ရင်တောင် ထပ်ခိုးခန်းမှာ ရှိတဲ့ အချက်ပေး ခေါင်းလောင်းကို သူ ဆွဲလိုက်ရင် ယွီချိဖုန့်က မင်းရှိမှန်း ချက်ချင်းသိသွားမှာပဲ။ ဓားသခင်စံအိမ်မှာ ကျွမ်းကျင်သူတွေ အများကြီးမရှိပေမယ့် သတင်းပေါက်ကြားတာနဲ့ အမှုကို စုံစမ်းဖို့ ပိုခက်ခဲသွားလိမ့်မယ်။ ထန် သခင်လေးလို ဥာဏ်ကောင်းတဲ့သူက သေချာနားလည်နေမှာပဲ မဟုတ်ဘူးလား။"
YOU ARE READING
Enduring a Thousand Tribulations [Shui Long Yin] MM Translation
Mystery / ThrillerMyanmar translation of "Enduring a Thousand Tribulations" Novel. Shui Long Yin (ရေနဂါးရဲ့ ဟစ်ကြွေးသံ) ဇာတ်လမ်းတွဲရဲ့ မူရင်းဝတ္ထု ဖြစ်ပါတယ်။ လက်ရှိမှာ ရိုက်ကူးပြီးသွားလို့ ပြခွင့်ပြုမိန့် စောင့်နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားကတေ...