အတွဲ(၁) - မြေခွေးမိစ္ဆာသခင်လေး
6 - ရှေ့လေအဟုန်အားကို ငှါးယူခြင်း သို့မဟုတ် ဘေးလူ၏ အင်အားပေါ် အခြေကုတ်ရယူခြင်း [part 3]
ချိန်ယွင်းဖောင် က ဝမ်ယွိယွဲ့တန့် ကို အေးစက်စွာ ကြည့်နေ၏။ ဝမ်ယွိယွဲ့တန့် က ဖြည်းညှင်းစွာ ဆက်ပြောသည်။ " သူက အရမ်းကို နက်နက်နဲနဲ ခံစားတတ်တဲ့လူ။ ဒါ့ကြောင့်မို့ သိုင်းလောက ကို သူကယ်တင်ချင်နေတာ၊ အတိတ် က သူ့သူငယ်ချင်းတစ်ယောက်က သူ့ကို လူကောင်း ဖြစ်စေချင်နေလို့ပဲ။ အကြောင်းပြချက် က အဲ့ဒီလောက်တောင် ရိုးရှင်းတာ။ "ချိန်ယွင်းဖောင်က ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်သည်။ " မင်း ... သူ့ကို ကောင်းကောင်းသိပုံရတယ် "
ဝမ်ယွိယွဲ့တန့်သည် ဖြည်းညှင်းစွာ လှည့်၍ ပုလွေသံလာရာ ချောက်ကမ်းပါးကို မျက်နှာမူလိုက်ပြီး "သူနဲ့ ငါဟာ တစ်ယောက်နဲ့တစ်ယောက် မှန်ချပ်တွေလိုပါပဲ၊ ငါတို့ တစ်ယောက်ကို တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်"
ချိန်ယွင်းဖောင်က အေးစက်စွာ မေးလိုက်သည်။ "ဒီည မင်းက ငါ့ကို ထန်လိစစ်က ချစ်ခြင်းမေတ္တာတရားနဲ့ ဖြောင့်မတ်မှန်ကန်ခြင်းကို တန်ဖိုးထားသူ လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ပြောပြပြီး သူ့အပေါ် ငါမြင်တဲ့ အမြင်ကို ပြောင်းလဲသင့်တယ်လို့ ယုံကြည်လာအောင် လုပ်နေတာလား?" ဝမ်ယွိယွဲ့တန့်က ပြုံးလျက် "တခါတလေမှာ လူတွေရဲ့ အပြောအဆို အပြုအမူတွေက လုပ်ရတဲ့ ရည်ရွယ်ချက်ရှိနေစရာ မလိုဘူး။ နေရာမှန် ရောက်နေပြီး လူမှန် ရှိနေတဲ့အချိန် ခေါင်းထဲ အတွေးရောက်လာတဲ့အခါ စကားလုံးတွေက သူ့အလိုလို ထွက်ကျလာတော့တာပဲ" ချိန်ယွင်းဖောင်က ဘာမှပြန်မပြောပဲ အေးစက်စက်နှင့် လှောင်ပြောင်လိုက်လေ၏။
ရုတ်တရက် တောင်ပေါ်ရှိ တိုက်လေမှာ ပို၍ ပြင်းပြင်းထန်ထန် တိုက်ခတ်လာလေသည်။ တဝေါဝေါ တိုက်နေသည့် တိုက်လေအသံက ပုလွေသံကို ဝါးမျိုသွားရာ ၂ ယောက်လုံးမှာ ချောက်ကမ်းပါးအောက်ရှိ သစ်ပင်သေများ၊ သစ်ကိုင်းခြောက်များ၏ တကျွတ်ကျွတ် မြည်သံနှင့် သစ်ရွက်ချပ်များ ပွတ်တိုက်သံမှ လွဲ၍ ဘာကိုမှ မကြားရတော့ချေ။ ဝမ်ယွိယွဲ့တန့်က ခဏလောက် နားထောင်ပြီးနောက် "ဒီညက လေပြင်းတိုက်တဲ့ညပဲ။ နှင်းတောင်ထိပ်မှာ ရာသီဥတုက မှန်းလို့မရဘူး။ သူ့ကို တက်လာဖို့ ပြောလိုက်ပါ" ဟု ပြောပြီး ဖြည်းညှင်းစွာ လှည့်ကာ တောအုပ်ထဲ ပြန်လျှောက်ဝင်သွားလေ၏။ သူ၏အမြင်မှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း ကောင်းမွန်စွာ မြင်ရသည့် သာမန်လူများကဲ့သို့ သူရင်းနှီးနေသည့်လမ်းအတိုင်း လျှောက်ကာ ပြန်သွားလေသည်။
YOU ARE READING
Enduring a Thousand Tribulations [Shui Long Yin] MM Translation
Mystery / ThrillerMyanmar translation of "Enduring a Thousand Tribulations" Novel. Shui Long Yin (ရေနဂါးရဲ့ ဟစ်ကြွေးသံ) ဇာတ်လမ်းတွဲရဲ့ မူရင်းဝတ္ထု ဖြစ်ပါတယ်။ လက်ရှိမှာ ရိုက်ကူးပြီးသွားလို့ ပြခွင့်ပြုမိန့် စောင့်နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားကတေ...