လေဆိပ်ကိုသွားတဲ့ ကားပေါ်မှာ သူရော၊ ကျွန်မရော နှုတ်ဆိတ်နေခဲ့ကြတယ်။
ကျွန်မရင်ထဲမှာ ရီချင်သလိုလို၊ ငိုချင်သလိုလိုနဲ့ တင်းကျပ်ကျပ်ကြီးရယ်...
အဲ့ခံစားချက်ကြီးကို ကျွန်မ မုန်းတာ...ရှုခင်းတွေကိုကြည့်ပြီး စိတ်ကို အာရုံပြောင်းပေမယ့်လည်း.....
အို တစ်လောကလုံးကို အလွမ်းတွေ လွှမ်းထားတယ် ထင်ပါရဲ့...။
ကျွန်တော် သူ့ကိုကြည့်လိုက်တော့၊ သူကကားပြတင်းကနေ အပြင်ကို ငေးကြည့်နေတယ်။
အပြင်ဘက်မှာ နှင်းတွေဝေ့နေတယ်။ ထွက်ကာစနေမင်းကြီးက တရိပ်ရိပ်ပြေးနေတဲ့ကားလေးနောက်ကို တောင်တန်းပြာကြီးတွေ အပေါ်ကနေ အပြေးလိုက်ပြီး နှုတ်ဆက်နေသယောင်ယောင်...။ နှင်းစက်လေးတွေခိုပြီး ယိမ်းနွဲ့နေတဲ့ ထင်းရှူးပင်တန်းကြီးကလည်း ပြန်ကြမယ့်သူတွေကို လက်ပြနေသလား ထင်မှတ်မှားရတယ်။
အဲ့ဒီ့မြင်ကွင်းတွေကိုကြည့်နေပေမယ့် သူ့မျက်စိထဲ ဘာမှမြင်နေပုံ မပေါ်ဘူး။
ကားနောက်ခုံက ချာတိတ်တွေရဲ့ ရန်ကုန်မပြန်ချင်သေးဘူး ဆိုတဲ့ ငြီးသံက တချက်တချက် အရှေ့ကို လွင့်လာတော့၊ ကျွန်တော်လည်း စိတ်ထဲက ပြောလိုက်မိတယ်၊ ကျွန်တော်က ပိုဆိုးတာပေါ့လို့။ စဉ်းစားကြည့်လေ ကျွန်တော့်ရဲ့ အသည်းနှလုံးကို ပြန်ရှာတွေ့ပြီးကာမှ ဒီမြို့လေးမှာ ထားခဲ့ရပြီးပြန်ရတဲ့ ကျွန်တော့ရဲ့ အဖြစ်ထပ်ပဲ ပိုဆိုးတဲ့သူ ရှိပါ့အုန်းမလား။
ကျွန်တော် သူမရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်တော့ ရာသီဥတုကြောင့်လား၊ စိတ်လှုပ်ရှားနေလို့လား မသိပေမယ့် သူမရဲ့ လက်ကလေးတွေက အေးနေတယ်။
ကျွန်မရဲ့ လက်ဖျားလေးတွေကို နွေးထွေးတဲ့ လက်အတွေ့နဲ့ လာထိလိုက်တာ သိပေမယ့်လည်း ကျွန်မ သူ့ကို ငဲ့မကြည့်ဖြစ်ဘူး။ ဒီအတိုင်း သူ့လက်ကိုပဲ ခပ်တင်းတင်း ပြန်ဆုပ်ထားလိုက်မိတယ်။
လောကကြီးက ရယ်စရာကောင်းလိုက်တာ...
သေချာကြိုတင် စီစဉ်ထားရင် ဖြစ်မလာဘဲ၊ မမျှော်လင့်ထားတဲ့ ကိစ္စတွေကျ ဖြစ်ဖြစ်လာတယ်။
![](https://img.wattpad.com/cover/374117366-288-k418320.jpg)