မနက် ၅နာရီခွဲ လူစုဖို့ပြောထားတာမို့ ဟိုတယ် ဧည့်ကြိုကောင်တာကို ကျွန်တော် ထွက်လာလိုက်တော့ ကြိုရောက်နှင့်နေတဲ့သူမကို တွေ့လိုက်ရတယ်။ ကျန်တဲ့လူတွေ တစ်ယောက်မှ မတွေ့တာကြောင့် နာရီကိုကြည့်လိုက်တော့လည်း အချိန်က ၅နာရီခွဲခါနီးပြီမို့... ကျွန်တော် ပုခုံးနှစ်ဖက်ကို တွန့်၍ လက်နှစ်ဖက်ကို ဖြန့်ပြကာ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အိုက်တင်လုပ်ပြလိုက်တော့ သူမက ခေါင်းလေးငုံ့ကာရီသည်။
"ဘယ်လို လုပ်ကြမလဲ။ တစ်ယောက်မှ မလာဘူးဆိုရင် ကိုယ်တို့ နှစ်ယောက်တည်း သွားရတော့မယ်ထင်တယ်"
"မဟုတ်ပါဘူး။ ကျန်တဲ့သူတွေ အခန်းကို တို့ ဖုန်းဆက်ထားပြီးပါပြီ။ သူတို့လည်း ပြင်ဆင်တာ ပြီးခါနီးနေပြီတဲ့။ ရှင် ဒီမှာ ချမ်းရင် ကားပေါ်ကသွားစောင့်လေ..."
ကိုယ့်ထက် ချမ်းနေပုံရတဲ့ သူမက ကျွန်တော့်ကို ကားပေါ်အတင်းနှင်နေတော့တာပါပဲ။ ညက အိပ်ရာဝင်နောက်ကျထားလို့ ထင်ပါရဲ့၊ ကြည့်ရတာ လန်းလန်းဆန်းဆန်းမရှိ အိပ်ချင်မူးတူးပုံလေး ဖြစ်နေတာကြောင့်
"အဲ့ဒါဆို ကိုယ် အခန်းကို ခဏ ပြန်သွားလိုက်အုန်းမယ်။ ခဏပဲ..."
ပြောပြောဆိုဆိုနဲ့ အခန်းဆီ ပြန်သွားတဲ့ သူ့ကို ကြည့်နေတုန်းမှာပဲ ကျန်တဲ့ ဧည့်သည်တွေက ရောက်လာပါတော့တယ်။ ဒီတစ်ခေါက် အဖွဲ့က လူငယ်အတွဲလေးသုံးတွဲ အကုန်လုံးက နှစ်ဆယ်ကျော်လေးတွေ၊ သူတို့ချင်းလည်း ခင်နေကြသလို၊ အရွယ်ကလည်းညီတော့ ခရီးစီစဉ်ရတာ ပိုအဆင်ပြေတယ်လို့ တွေးမိနေတုန်းမှာပဲ...
"Good morning အစ်မ.."
"အင်းး good morning ပါ။ ညက အိပ်ရတာ အဆင်ပြေကြရဲ့လား"
"ဟုတ်ပြေတယ်။ ညီမတို့က တန်းပြီးလျှောက်မလည်သေးဘူး မှတ်လား။ မနက်စာ ကျွေးအုန်းမှာ မှတ်လား"
"မကျွေးဘူးနော် အစ်မ။ သူ့ကို မကျွေးဘူး ပြောလိုက်စမ်းပါ။ မိုးတောင် မလင်းသေးဘူး စားဖို့က အရင်"
သူတို့ အချင်းချင်း စနောက်နေလို့၊ အလိုက်သင့်လေး ရီနေလိုက်ပြီးမှ...
"အို..ကျွေးမှာပေါ့။ အခု လူစုံရင် နေထွက်တာကြည့်ဖို့ view pointကိုကားနဲ့တန်းသွားမှာ။ breakfastကို အဲ့မှာပဲ စားကြမှာလေ။ ပြီးမှ တခြားနေရာတွေ ဆက်သွားမှာ....။ အေးနေကြတာလား....အေးရင် ညီမတို့ ကားပေါ်အရင်တက်နှင့်လေ။ အစ်မက လူစောင့် လိုက်အုန်းမယ်..."