နောက်ဆုံးအနေနဲ့ အိမ်ကလေးရဲ့နေရာတိုင်းကို လိုက်ကြည့်ပြီး စိတ်ထဲကနှုတ်ဆက်နေမိတယ်။ ပြီးတော့ ခြံထဲဆင်းပြီး ဖေဖေကိုယ်တိုင် စိုက်ပေးခဲ့တဲ့၊ မေမေသိပ်မြတ်နိုးရတဲ့ အပင်လေးတွေကို ကြည့်နေတုန်းမှာပဲ အငယ်မက လှမ်းပြောတယ်...
"ဟင်း...အဲ့အပင်တွေလည်း လူခေါ်ပြီးရှင်းရအုန်းမယ်။ အိမ်ဝယ်တဲ့သူက အပင်တွေကို တစ်ခါတည်း ရှင်းပေးခဲ့ပါတဲ့...။ တကယ်ပါပဲ မမကြီးတို့ပဲကောင်းတယ်။ လက်မှတ်ထိုးတဲ့နေ့လေးပဲလာ လက်မှတ်ထိုးပေးပြီး ပြီးသွားရော..."
အငယ်မ စကားကြောင့် ရင်ထဲဆစ်ကနဲနာကျင်သွားရပြီး တစ်ခုခုပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ပြီးမှ ပြန်မျိုချလိုက်ရတယ်။ ထားလိုက်ပါတော့...နားလည်နိုင်တဲ့သူကိုမှ တချို့စကားတွေက ပြောလို့ကောင်းတာလေ။ ဘယ်လိုပြောပြော ကြားချင်တာသာ ကြားမယ့်နားတွေကိုတော့ ထပ်မပြောတော့တာပဲ ကောင်းပါတယ်။
မွေးကတည်းက အခုချိန်ထိ အိမ်လို့ကျွန်မသတ်မှတ်ခဲ့တဲ့နေရာလေးဟာ လက်မှတ်တချက်ထိုးလိုက်ချိန်မှာပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။ နေစရာ နေရာမရှားပေမယ့်၊ အိမ်ဆိုတဲ့ အရာကအလွန်ရှားပါးပါတယ်။ မိဘတွေရဲ့ မေတ္တာအငွေ့အသက်လေးတွေ ကျန်နေသေးတဲ့ ဒီရိပ်မြုံလေးဟာ ကျွန်မအတွက် အဖိုးမဖြတ်နိုင်ပေမယ့်၊ တန်ဖိုးဖြတ်တတ်တဲ့ ညီမတွေက တန်ဖိုးသတ်မှတ်ပြီး ရောင်းလိုက်ကြပြီလေ။
တံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့ သူမ ဖြစ်နေတယ်။
"ချစ် ပြန်လာပြီလား။ ခဏနေလို့မှ ပြန်မလာရင်၊ ကိုယ် လာကြိုတော့မလို့၊ ဘယ်လိုလဲ ညီမတွေနဲ့ တွေ့တဲ့ကိစ္စ၊ အဆင်ပြေရဲ့လား"
ဘာမှ ပြန်မပြောဘဲ လူကို စိုက်ကြည့်နေရင်းက၊ မျက်ရည်တွေ ဒလဟောကျလာပြီး ကြူကြူပါအောင် ငိုပါတော့တယ်။ သူမ အခုလို ဝမ်းနည်းပက်လက်ဖြစ်ပြီး ပြင်းပြင်းထန်ထန်ငိုတာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။
ကိုယ်လုံးလေးတသိမ့်သိမ့်ခါပြီး ငိုနေတဲ့သူမကို ရင်ခွင်ထဲဆွဲသွင်းကာ ထွေးပိုက်လို့ နှစ်သိမ့်ပေးနေမိတယ်။ သူ့မျက်ရည်စများကြောင့် ကျွန်တာ့်အင်္ကျီမှာလည်း စိုထိုင်းရုံမက ရွှဲနစ်လာပါတော့တယ်။ ကျောပြင်လေးကို ပွတ်သပ်လို့ ခပ်တင်းတင်းပွေ့ဖက်ပေးထားရင်းက သူမ အငိုတိတ်သည်အထိ ဘာမှမပြောဘဲ ငြိမ်ငြိမ်လေး အဖော်ပြုပေးနေမိတယ်။ အဲ့နေ့က သူမ တော်တော်နဲ့ အငိုမတိတ်ခဲ့ဘူး။