သူက ကျွန်မကို မပြန်စေချင်ဘူး။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မလည်း မပြန်ချင်ဘူး။ ဒါပေမယ့် မိန်းကလေးမို့ အရာရာကို ပေါ့ပေါ့လေး စဉ်းစားလို့မရ၊ ဒီလိုကိစ္စမျိုး ပိုလို့တောင် စဉ်းစားရတာပေါ့။
ကျွန်မစဉ်းစားလို့ ကောင်းနေတုန်းမှာပဲ သူက
"မပြန်ပါနဲ့...၊ ညဖက်ဆို ပြန်ရတာ ကြောက်ဖို့ကောင်းတယ်၊ မပြန်နဲ့နော်..."
နေမကောင်းတဲ့ကြားက ကူလီကူမာတွေလုပ်နေတာမို့ သူ့မေးစေ့ကိုကိုင်ကာ ရမ်းလိုက်ပြီး
"ဟောဒီက ဖျားနေတယ်ဆိုတဲ့လူက ပိုကြောက်ဖို့ ကောင်းတာပါနော်...မသိရင်ခက်မယ်၊ သူ့တကိုယ်လုံးဉာဏ်နီဉာဏ်နက်ကြီးပဲ"
"ဟာာ...မဟုတ်တာ...ကိုယ်ကကြောက်ဖို့ မကောင်းပါဘူး"
"ဘာလဲ ချစ်ဖို့ကောင်းတာလို့ ပြောမလို့လား"
သူပြောမယ့်စကားကို ကြိုသိနေတာကြောင့် ဖြတ်ပြောလိုက်တော့ သဘောတွေကျပြီး ရီနေတာက အပြစ်ကင်းတဲ့ရုပ်လေးနဲ့...
"တို့မှာ ညဝတ်အင်္ကျီ မပါလာဘူးလေ"
"ကို မဝတ်ရသေးတဲ့ ညဝတ်အင်္ကျီအသစ်ရှိတယ်။ ချစ်ကိုပေးမယ်"
"ပြီးတော့ အခန်းကတစ်ခန်းထဲရှိတာ ချစ်က ဘယ်မှာ အိပ်ရမှာလဲ။ ဆိုဖာပေါ်အိပ်ရမှာလား "
"ကိုယ့် ခုတင်က ကျယ်ပါတယ်၊ နှစ်ယောက်တူတူ..."
"တော်...အဲ့လိုဆို၊ ခုချက်ချင်းပြန်လိုက်မှာနော်..."
"ဟိုးးးးဟိုးးးး ကိုပဲ ဆိုဖာပေါ်အိပ်ပါ့မယ်။ ပြန်တော့ မပြန်လိုက်ပါနဲ့.....နော်"
နောက်တကြိမ် လူကိုစိုက်ကြည့်ပြီး ဆွေးဆွေးမြေ့မြေ့ပြောနေတော့၊ မပြန်ချင်တဲ့ဖက်ကို အလေးသာသွားသည့်အခိုက်၊ သူက ဂုတ်ကို လက်နဲ့ဆွဲချလိုက်ပြီး ကျွန်မရဲ့နှုတ်ခမ်းတွေကို ငြင်းတဲ့စကား မဆိုနိုင်အောင် အပိုင်သိမ်းလိုက်တယ်။
နှုတ်ခမ်းတွေကိုမွတ်သိပ်စွာ နမ်းနေရင်း သူ့လက်တွေက အင်္ကျီအောက်ကို လက်လျိုလာကာ ကျောပြင်လေးကို ပွတ်သပ်လာတော့၊ ကျွန်မ သူ့ရင်ဘတ်ကို လက်နဲ့တွန်းလို့ ခါးကိုပြန်မတ်လိုက်တယ်။
