သူနဲ့ ကျွန်မ တွေ့ခဲ့ကြပုံက မထူးဆန်းပါဘူး။ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ ကျွန်မတို့ တွေ့ခဲ့ကြတယ်။ သင်တန်း ပထမဆုံးနေ့မှာပဲ သူက ကျွန်မအနားလာပြီး မိတ်ဆက်တယ်။
နောက်နေ့တွေလည်း စကားမရှိစကားရှာပြီး လာလာစကားစပ်တယ်။လူစိမ်းတွေနဲ့ စကားပြောရရင် စိတ်ကျဉ်းကျပ်တတ်တဲ့ ကျွန်မဟာ၊ သူနဲ့ စကားပြောရတာကိုတော့ ထူးဆန်းစွာနဲ့ သက်သောင့်သက်သာဖြစ်နေခဲ့ပါတယ်။
နည်းနည်းပိုပြီးရင်းနှီးလာတော့၊ သင်တန်းပြီးရင် ကော်ဖီဆိုင်အတူတူထိုင်ပြီး စကားတွေဆက်ပြောဖြစ်ကြတယ်။ များသောအားဖြင့် ကျွန်မတို့ပြောဖြစ်ကြတာ စာအုပ်အကြောင်းတွေပါပဲ။
နောက်တော့ သူက ကျွန်မကို စာအုပ်လေးတစ်အုပ် လက်ဆောင်ပေးလာတယ်။
သူပေးတဲ့ စာအုပ်က....
ဆရာမင်းလူရဲ့' ချစ်မှာလားကွယ် ကြိုက်မှာလားကွယ် မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ် 'သူ့ရဲ့ အသံတိတ်ရည်းစားစကားပြောနည်းဟာ အောင်မြင်ခဲ့တယ် ဆိုပါတော့... ဒီလိုနဲ့ပဲ ကျွန်မတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြတယ်...
**********
တရိပ်ရိပ်သွားနေတဲ့ကားပေါ်က မြင်နေရတဲ့ ရှုခင်းတွေနဲ့အပြိုင်၊ ကျွန်မရဲ့ ဦးနှောက်ထဲမှာလည်း အတိတ်ကအရိပ်တွေဟာ ဖျတ်ခနဲ ဖျတ်ခနဲ ...
အခုလို သူနဲ့အမှတ်မထင်ပြန်တွေ့ရတာဟာ၊ သိမ်းထားတာကြာပြီဖြစ်တဲ့ အယ်လ်ဘန်ဟောင်းတစ်ခုကို ပြန်ဖွင့်ကြည့်လိုက်မိသလို...
အတွေးတွေက ပစ္စုပ္ပန်ကနေ အတိတ်ကိုရောက်သွားလိုက်၊ အတိတ်ကနေ ပစ္စုပ္ပန်ကိုပြန်ရောက်လာလိုက်နဲ့၊ ယောက်ယက်ခတ်နေတော့တာပဲ...
"ဟေ့ ဘာတွေစဉ်းစားနေတာလဲ"
အဲ့အချိန် ကျွန်မဘေးမှာ ထိုင်နေတဲ့ သူက ကျွန်မလက်မောင်းကို သူ့ပုခုံးစွန်းနဲ့တိုက်ပြီး မေးလိုက်တော့ ကျွန်မလန့်သွားတယ်။ ဒါကိုပဲ သူက သဘောကျသလို ခပ်အုပ်အုပ်ရယ်တော့၊ သူ့ရဲ့ရွှင်နေတဲ့ဓါတ်တွေဟာ ကျွန်မဆီပါကူးဆက်သွားပါတော့တယ်။
![](https://img.wattpad.com/cover/374117366-288-k418320.jpg)