ကျွန်မ အိပ်ရာနိုးလာတော့ ဘေးမှာ သူရှိမနေဘူး။ မီးဖိုချောင်ကနေ သီချင်းညည်းသံနဲ့အတူ ပန်းကန်ခွက်သံကြားရတာမို့၊ သူရှိတဲ့ဆီ လိုက်သွားလိုက်ပြီး၊ မနက်စာပြင်နေတဲ့သူ့ကို အနောက်ဖက်ကနေ ခါးကို ဖက်လို့ သူ့ကျောမှာ မျက်နှာအပ်လိုက်တော့၊ ခေါင်းကိုငဲ့ကြည့်လာတယ်။
"အွန် ချစ် နိုးပြီလား.."
"အင်းး"
ကိုယ်ကိုတပတ်လှည့်လိုက်ပြီး အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ သူမကို ရင်ခွင်ထဲ ထည့်ကာဖက်ထားပေးလိုက်ပြီး ကျောလေးကို ပွတ်ပေးရင်းက...
"အိပ်အုန်းလေ၊ အိပ်ရေးမဝသေးဘူးမို့လား။ ဘာလို့ ထလာတာလဲ..."
စူပုတ်ပုတ်မျက်နှာလေးနဲ့ လူကို မျက်မှောင်လေးကြုတ်ကာမော့ကြည့်လို့...
"ကိုမှ ဘေးမှာ မရှိတော့တာကို၊ ဘာလို့ တစ်ယောက်တည်းထားပြီး ထ သွားတာလဲ..."
"ဪ...ချစ် နိုးလာရင် အဆင်သင့် စားရအောင် လုပ်နေတာလေ။ ခုအားလုံး ရယ်ဒီပဲ၊ မနက်စာစားမလား။ ပြန်အိပ်ချင်သေးလား..."
သူအမေးကြောင့် ဒယ်နီထဲမှာရှိနေတဲ့ ထမင်းကြော် ပူပူနွေးနွေးလေးကို လှမ်းကြည့်လိုက်မိတော့၊ အိပ်ချင်စိတ်က ပြယ်သွားရသည်။ တောင်ပေါ်မှာလည်း ပဲပြုတ်ရပေမယ့်၊ ရန်ကုန်က ပဲပြုတ်တွေလို သေးသေး အိအိလေး မဟုတ်ဘဲ၊ အလုံးကြီးကြီး မာဆတ်ဆတ်တွေမို့ ဟိုမှာနေတုန်း လွမ်းရတဲ့စာရင်းထဲမှာ ရန်ကုန်ပဲပြုတ်လည်းပါတယ်။
ကျွန်တော် ကြော်ပေးတဲ့ ထမင်းကြော်ကို သူမလေး စားနေပုံက ဘေးကကြည့်တဲ့ လူပါသားရည်ယိုလာရသည်။ တအိုးတည်းကြော်ထားတာပေမယ့် သူမ ပန်းကန်ထဲက ထမင်းကြော်က ပိုစားကောင်းတဲ့ပုံ ပေါက်နေတာကြောင့် ပါးစပ်ကို ဟလိုက်ပြီး...
"အာာာ ကို့ကို တစ်ဇွန်းခွံ..."
သူမ ခွံကျွေးတဲ့ ထမင်းကြော်က တကယ့်ကို ပိုစားကောင်းတာမို့၊ နောက်တကြိမ် ထပ် အာ မိလိုက်တော့...
"ဟွန်..ကို့ပန်းကန်ထဲမှာ ရှိသေးတယ်လေ...ဘာလို့ ချစ်ဆီက ကျွေးခိုင်းနေတာလဲလို့.."