ရန်ကုန်ရုံးချုပ်ကို transfer ပြန်တင်ပြီး၊ ကျွန်မ ရန်ကုန်ကို ပြန်ပြောင်းလာခဲ့တယ်။ အဲ့နောက်တော့ ကျွန်မတို့နှစ်ယောက်ပေါင်း ဘဝလေးတစ်ခုကို အတူတူတည်ဆောက်ခဲ့ကြတယ်။
နေ့တိုင်း၊ နေ့တိုင်း ကျွန်မတို့ ချစ်ကြတယ်၊ ရန်တွေဖြစ်ကြတယ်၊ ပြန်ပြေလည်ကြတယ်၊ ပြန်ချစ်ကြတယ်။ အဲ့လိုနဲ့ အခုဆို ကျွန်မတို့မှာ မိသားစုဝင် အသစ်ကလေးပါ တိုးနေခဲ့ပြီ။
ရာသီဥတုသာယာတဲ့နေ့တွေမှာ သားလေးကိုပါခေါ်ပြီး မိသားစုလိုက် ပန်းခြံကိုအလည်သွားတာ၊ ကျွန်မတို့ရဲ့ ပုံမှန်အလေ့အထလေး ဖြစ်နေပြီ။
သားနဲ့သူက ဘောလုံးတလုံးနဲ့ဆော့နေကြတယ်။ ကျွန်မကတော့ စာအုပ်တအုပ်ကို ဖတ်လိုက်၊ သူတို့သားအဖဆော့တာကို ကြည့်လိုက်နဲ့ လုပ်နေရာက စိတ်က စာအုပ်ထဲ နစ်သွားတယ်။
သားရယ်နေတဲ့ အသံလေးတိတ်သွားတာကို သတိထားမိလိုက်တော့မှ၊ ကျွန်မ ဖတ်လက်စ စာအုပ်ကလေးကို ပိတ်လိုက်ပြီး ဆော့နေတဲ့သားအဖနှစ်ယောက် ဘယ်ရောက်သွားလည်းကြည့်မိတော့၊ ကိုက ကျွန်မရှေ့မှာရပ်ပြီး ပြုံးစိစိနဲ့ ကြည့်နေတာမို့၊ ကလေးဘယ်မှာလဲမေးတော့မယ့်အချိန် ကျွန်မကျောကို လက်သေးသေးလေးနှစ်ဖက်နဲ့တွန်းပြီး ခြောက်လိုက်တဲ့အသံစူးစူးလေး ထွက်လာတယ်...
"ဝါ့..."
"အောင်မလေး...လန့်လိုက်တာ..."
ကျွန်မ တမင်လန့်ပြလိုက်တာကို ကြည့်ပြီး တခစ်ခစ်နဲ့သဘောတွေကျနေတဲ့ လူပေါက်စလေးကို ဆွဲပွေ့ပြီး ပါးလေးနှစ်ဖက်ကို အားရပါးရ နမ်းလိုက်ပေမယ့်၊ နမ်းနေရင်းကနမ်းမဝနိုင်။
အတုမြင် အတတ်သင်ဆိုသလို၊ သူ့အဖေကိုကြည့်ပြီး အမေကိုလာလာနောက်တတ်တဲ့ ဒီသားလေးဟာ ကျွန်မရဲ့ အသည်းအသက်ကလေးပေါ့။
"မေမေ ဟိုမှာ ထို..ထို..."
မြက်ခင်းပြင်ပေါ်က ခိုတွေကို လက်ညှိုးထိုးပြီးပြောနေတာမို့...
"ဟုတ်တယ်နော်၊ ခိုကလေးတွေ၊ ခေါ်လိုက်ပါအုန်း သားရဲ့.."
လက်သေးသေးလေးကို ဆုတ်လိုက်ဖြန့်လိုက်လုပ်ပြီး...