ကြားလိုက်ရတဲ့ မေးခွန်းကြောင့် ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ သက်တောင့်သက်သာ အနေအထားကနေ သတိ အနေအထားကို ပြောင်းသွားရပါတယ်။ သူ့မျက်နှာကို လှမ်းကြည့်လိုက်မိတော့ သူက ဂစ်တာကို ရင်ခွင်ထဲပိုက်ထားပြီး၊ မြေပြင်ပေါ်မှာ လဲနေရှာတဲ့ ပုလင်းလေးကို ပြုံးပြီး ကြည့်နေပါတယ်။
"ဖြေပါ။ ဖြေပါ။ ဖြေပါ"
လက်ခုပ်တီးတိုက်တွန်းသံတွေကြောင့် ဆောင်းတွင်းကြီး မီးပုံဘေးထိုင်ကာ ကျွန်မ လက်တွေ ချွေးပြန်လာသလိုပါပဲ။
သူ့နှုတ်ခမ်းတွေက တစ်ခုခုကို ပြောတော့မလို ဟသွားတယ်၊ ပြီးတော့ ကျွန်မကို မသိမသာ လှမ်းကြည့်ခိုက် သူနဲ့ ကျွန်မ အကြည့်ချင်းဆုံသွားတယ်။ အဲ့အချိန် ခဏလေးမှာ ကျွန်မတို့ နှစ်ယောက် မျက်လုံးချင်း စကားတွေပြောလိုက်ကြတယ်လို့..ကျွန်မထင်တယ်။
သူ့မျက်နှာမှာ စဉ်းစားတဲ့အရိပ်ကို တွေ့လိုက်ရတယ်။
သူ့အကြည့်က ပုလင်းလေးဆီ ပြန်ရောက်သွားတယ်၊ ပြီးတော့ တစ်ခုခုကို တအားပြောချင်လျက်နဲ့ ထိန်းနေရသလိုမျိုး အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိပြီးပိတ်လိုက်တယ်....
နောက်တော့ ဘီယာဘူးကို လက်ကကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်ပြီး...
"ကဲ...ကိုယ် မဖြေနိုင်လို့၊ သောက်လိုက်ပြီနော်...အိုကေ.."
"အာာာာ အစ်ကို က မမိုက်ဘူးဗျာ၊ ပျော်ရအောင်ဆော့ပါတယ်ဆိုမှ၊ ဟိတ်ကောင် သားကြီး ထပ်လှည့်ကွာ"
သူလုပ်လိုက်ပုံကြောင့် တခြားသူတွေ စိတ်ပျက်သွားပေမယ့် ကျွန်မကတော့ ခေါင်းကိုငုံ့ကာ မျက်နှာကို ဆံပင်နဲ့ကွယ်ပြီး ပြုံးလိုက်မိတယ်။
ဒီနေရာမှာ ဆက်နေရင် ကိုယ့်အလှည့်ရောက်လာနိုင်တာမို့၊ ကျွန်မ ကိုယ့်အခန်းကို ပြန်ဖို့ပြင်လိုက်ပါတော့တယ်။
"ကဲ...အစ်မတော့ နားချင်နေပြီ၊ ဝင်တော့မယ်။ ညီမတို့လည်း သိပ်ညဉ့်မနက်စေနဲ့နော်၊ မနက်ဖြန်ပြန်ဖို့ ရှိသေးတယ်ဆိုတော့..."
ကျွန်မ မီးပုံဘေးက ထလိုက်ကာ အခန်းကို ပြန်လာတော့၊ အနောက်က ပြေးလိုက်လာတဲ့ ခြေသံကြောင့် ကြည့်လိုက်တော့ သူဖြစ်နေတယ်။