ကိုယ်လာမယ် မင်းဆီကို...

371 27 2
                                    

သူပို့လိုက်တဲ့ ပါဆယ်ထုပ်လေးရောက်လာတော့ မုန့်တွေထက်အရင် စာအုပ်ကို ရှာကြည့်မိတယ်။ ဘာစာအုပ်ကိုများ ပို့လိုက်ပါလိမ့်...

စာပေဗိမာန်စာမူဆုရ မြသန္တာရဲ့နော်ရင်မွှေး ဝတ္ထုစာအုပ်လေး။

စာအုပ်မျက်နှာဖုံးပေါ်က ကရင်မ လှလှလေးကို ကြည့်ပြီး ကျွန်မပြုံးလိုက်မိတယ်။
တချိန်က ကျွန်မ အရမ်းအရမ်းကို ကြိုက်ခဲ့ရတဲ့ စာအုပ်လေး။

အဲ့စာအုပ်ကို ဖတ်တုန်းက နော်ရင်မွှေးကို သိပ်ရက်စက်တာပဲလို့ ထင်ခဲ့တယ်။ နော်သဲဆူးအတွက်နဲ့ ကိုယ်ရင်နင့်အောင်ချစ်ရတဲ့သူကိုထားခဲ့တယ်။ သူ့မေတ္တာတွေ၊ အနစ်နာခံမှုတွေရဲ့ နောက်ဆုံးရလာဒ်ဟာ ကြေမွသွားတဲ့ နှလုံးသားပဲဖြစ်နေတယ်။ အဲ့ဇာတ်လမ်းကို ဖတ်ပြီးတိုင်း ဆရာ့ကို သိပ်သနားမိတယ်။ နော်ရင်မွှေးကိုရောပေါ့... ။

စာအုပ်လေးကိုကိုင်ကြည့်နေရင်းက အငယ်မရဲ့ စကားသံတွေ ကြားယောင်လာပြန်တယ်...

"မမကြီး...ငါနဲ့ မလတ် တိုင်ပင်ပြီးပြီ၊ အိမ်နဲ့ခြံကို ရောင်းပြီးခွဲစရာရှိတာ ခွဲကြရအောင်။ နင် ထပ်အချိန်ဆွဲမယ်ဆိုရင် ငါတို့ တရားရုံးကနေပဲ စကားပြောရလိမ့်မယ်"

နော်သဲဆူးဟာ နော်ရင်မွှေးရင်ကို စုံကန်သွားသလိုပါပဲ၊ ကျွန်မ အဖြစ်ဟာလည်း သိပ်မထူးပါဘူး။ ကိုယ် အတောင်အလက်စုံတုန်းက၊ ချစ်ရသူခေါ်တဲ့နောက်ကို မလိုက်နိုင်ခဲ့ဘူး။အရွယ်မရောက်သေးတဲ့ ညီမတွေကိုငဲ့ပြီး ကျွန်မအသည်းကို စတေးပစ်ခဲ့တယ်။

အခု သူတို့ အတောင်စုံချိန်ကြတော့ ကျွန်မရင်ကိုစုံကန်ရုံနဲ့အားမရလို့၊ အသိုက်ဟောင်းလေးကိုပါ ဖြိုချင်နေကြတယ်။

" Myanmar Travel Fair အတွက် ဒီကဂိုက် တစ်ယောက်ကို ရန်ကုန်လွှတ်လိုက်ပါတဲ့၊ ရုံးချုပ်က မေးလ်ဝင်လာတယ်။

ခါတိုင်း အစ်မ သွားပေမယ့် အခုက လက်ခံထားတဲ့ ခရီးစဉ် ရှိနေတော့၊ ဘယ်သူ သွားပေးမလဲ။ volunteer မရှိရင်တော့၊ မဲစနစ်နဲ့ ရွေးမယ်"

အစ်မမေးနေတဲ့အချိန် ကျွန်မလက်ထဲမှာကိုင်ထားတဲ့ စာအုပ်လေးကို တချက်ငုံ့ကြည့်လိုက်တယ်။

Hello Darling....Where stories live. Discover now