"လုပ်ပါ ဒီပိတ်ရက် ကိုယ်လာမယ်လေ နော်...။ Friday evening flight နဲ့လာမယ်။ Sunday morning flight နဲ့ပြန်မယ်လေကွာ နော်..နော်..လို့"
"ခက်ပါလား။ ဖုန်းကုမ္ပဏီကို လုပ်ကျွေးရတာ အားမရလို့၊ အခု လေယာဉ်ကုမ္ပဏီကိုပါ လုပ်ကျွေးတော့မယ်ပေါ့၊ ဟုတ်လား...
ကို လာလည်း တို့မှာ တွေ့ဖို့အချိန် မရှိဘူး။ ဧည်သည်တွေနဲ့ သွားနေရမှာ..."
"အဲ့ဒါဆို ချစ်ခရီးစဉ်မှာ လိုက်ခဲ့မယ်။ ပြီးခဲ့တဲ့ ခရီးလိုမျိုး ဧည့်သည်အနေနဲ့ လိုက်ခဲ့မယ်လေ.."
"မလိုက်နဲ့ဆို၊ ကို ပိုက်ဆံတွေ အရမ်းပေါနေလား။
ပြီးတော့ ခရီးမှာ ကို ပါနေရင်၊ ချစ် ကို့ဆီ အာရုံရောက်နေတာနဲ့ တခြားသူတွေကို ဘယ်ဂရုစိုက်နိုင်တော့မှာလဲ။"
သူမ စကားကြောင့် ကျွန်တော်မျက်နှာ ပြုံးသွားရသည်။
"အဲ့ဒါဆို ချစ်က ကိုယ်ပါလာရင် ကိုယ့်ကိုပဲ အာရုံ စိုက်နေမိမယ်လို့ ဆိုလိုတာလား။ ဟုတ်လား..."
သူနဲ့ပြောရင်းက ကျွန်မစိတ်ထဲကျိတ်ပြုံးမိတယ်။ တကယ်ပါပဲ မရင့်ကျက်သေးတဲ့ငယ်ရွယ်ရွယ်က တွဲခဲ့ကြတုန်းကတောင် ခုလို မချွဲတတ်ခဲ့တဲ့ ကိုဟာ၊ အခုမှ ဘယ်လိုတွေဖြစ်နေတယ် မသိတော့...
"ဟုတ်တယ်...ဟုတ်တယ်။ ရှင်ပါလာရင် ရှင့်မျက်နှာက လွဲလို့ ဘယ်သူ့မျက်နှာမှ မြင်တော့မယ် မထင်ဘူး။ အဲ့ဒါကြောင့် ကျွန်မအလုပ်မပြုတ်အောင် ကူညီသော အားဖြင့် မလာပါနဲ့ရှင်...ဟုတ်ပြီလား.."
သူက အူမြူးနေတယ်ထင်ပါရဲ့ တဟားဟားနဲ့ အမြင်ကတ်စရာကောင်းအောင် ရယ်ပြီးမှ...
"ဟုတ်ပါပြီ၊ မဖုရားက မလာနဲ့ဆိုတော့လည်း မလာတော့ပါဘူးဗျာ...ဒါပေမယ့် အနမ်းလေးတော့ ပေး.."
ကြည့် ဘယ်လိုတွေဖြစ်နေလဲမသိ။ သူလည်း အလုပ်မှာ၊ ကိုယ်လည်း အလုပ်မှာ ထမင်းစားချိန်ခေါ်ပြီး လုပ်နေပုံက သူ့ကိုသူ လူပျိုပေါက်ကလေးများ အောက်မေ့နေလားမသိဘူး။ သူ့ကို ဘာမှ ပြန်မပြောဘဲ ဖုန်းချလိုက်တော့ ပြန်ခေါ်ပြန်တယ်။
"ကို့..."
ဖုန်းကိုင်လိုက်တာနဲ့ စူအောင့်အောင့် အသံလေးနဲ့ခေါ်ခံလိုက်ရတာမို့ ကျွန်တော် ထပ်မစရဲတော့တာကြောင့်၊ စာအုပ်နဲ့ မုန့်တွေ ပို့ထားကြောင်းကိုပဲ ပြောလိုက်ရပါတော့တယ်။
![](https://img.wattpad.com/cover/374117366-288-k418320.jpg)