ကိုးနှစ်ခန့်ကြာသော်....။
အနက်ရောင်ဒဏ္ဍာရီစာအုပ်လေးကို ပြန်ပိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ရာသီကူးပြီးလို့ ဝါနေတဲ့သစ်ရွက်ဟောင်းတွေကြွေကျနေသော သစ်ရွက်ခြောက်တွေကို အတန်ကြာငေးရင်း အတိတ်လွင်ပြင်ဆီက လွမ်းမောဖွယ်ကောင်းသော ကိုယ်ရဲ့အကြောင်းကို စဥ်းစားနေမိသည်။တဖြည်းဖြည်းနဲ့ပါးပြင်ပေါ်သို့ မျက်ရည်တွေစီးကျရာမှ အသိဝင်လာကာ လက်ရှိအချိန်ကို သတိရသွား၏။ ပါးပြင်ပေါ်မှ မျက်ရည်တွေကို တစ်သျူးလေးဖြင့်သုတ်၊
ထိုနောက် ပန်းပင်လေးကို ရေလောင်းမိသည်။
တဖက်ဘေးက ရွက်ကျပင်ပေါက်နှင့်သူ၏ အပင်ငယ်လေးတွေကို အကြည့်ရောက်မိတော့ အတွေးကဖျတ်ခနဲဝင်လာပြန်သည်။ဒီအချိန်ဆို သူရော မိန်းမရနေပြီလား။ဒါမှမဟုတ်
ကိုယ်ပိုင်မိသားစုဘဝပဲတည်ဆောက်နေပြီလား။
ကျွန်မကိုယ်တိုင် ခြယ်သခွင့်မရှိတဲ့
မောင်ရဲ့ဘဝလေး အေးချမ်းနေမှာပါဟု ခပ်တိုးတိုးပြောမိရင်း သတိရမိစိတ်ကိုဖျောက်လိုက်ရသည်။ထို့နောက် ကျောမှီထိုင်ခုံလေးမှာ ထိုင်ချ၍ စာအုပ်ဖတ်ရန်ပြင်လိုက်သည်။ မြန်မာဝတ်စုံ အပွင့်နုပ်
နံ့သာရောင်လေးဝတ်ထားပြီး ဆံပင်တွေကိုခပ်ရှင်းရှင်းလေးစုချည်ထားကာ တည်ငြိမ်စွာထိုင်၍
စာဖတ်နေပုံလေးက ပန်းချီကားချပ်လေးလိုအသက်ဝင်လှ၏။ ဘယ်လိုကြည့်ကြည့် သူမလေး၏ ပုံစံလေးက အေးချမ်းလှပေသည်။မိဘတွေဖြစ်စေချင်တဲ့ ဆရာဝန် မဖြစ်ဘဲ တက္ကသိုလ်တစ်ခု၏ သင်္ချာဌာနမှာ တာဝန်ထမ်းဆောင်နေသော ကျူတာဆရာမတစ်ဦးဖြစ်သည်။အဲ့ဒီကိစ္စတွေဖြစ်ပြီးကတည်းက သူမနဲ့အတူ အန်တီလင်းက
မန္တလေးမှာ လာနေကြတာဖြစ်သည်။''သမီးရေ....''
''သြော်...အန်တီလင်း...ထိုင်လေ''
တဖက်ခုံမှာ တင်ထားသော စာအုပ်ကိုလှမ်းယူ၍ နေရာဖယ်ပေးလိုက်သည်။
''မနေ့က မမဆီကဖုန်းဝင်လာတယ်၊ သမီးကိုဆက်တာ ဖုန်းမကိုင်ဘူးဆို...''
''ရုံ အလုပ်နည်းနည်းများနေလို့ပါ၊ ဖေကြီးတို့လာလည်မယ်ပြောတာလား''