မနက်လင်းလို့ နေခြည်ပွင့်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး သာယာနေပေမဲ့ နွေအာရုံ မပျော်နိုင်ပေ။
ဖေကြီးတို့မေမေတို့ လုပ်ရက်တယ်ဟုထပ်ခါထပ်ခါပြောရင်း ငိုမိတာအကြိမ်ကြိမ်။စာကျက်၍လည်းမရ။ ထမင်းလည်းကောင်းကောင်းမဝင်ပေ။ တကယ်ဆို စာမေးပွဲဖြေပြီးမှပြောင်းလာလည်းပြီးတဲ့ကိစ္စကို ဘာမှကြိုတင်မပြောဘဲ ခေါ်လာကတည်းက သူမတွက်မိပါသည်။ သူမနဲ့ ဘုန်းမင်းသွေး၏ကိစ္စကို
ဖေကြီးတို့ရိပ်မိလို့ပဲဖြစ်ရမည်။နှစ်ယောက်ကို ခွဲချင်လို့ ခေါ်လာတာပဲ ဖြစ်မည်ဆိုတာအသေအချာ။''အန်တီလင်း....''
''အန်တီလင်း''
''ဟင်''
''ရုံ..ရုံလေ''
''ဟော....ကလေးမအိပ်ဘူးလား၊ ဘာလို့လဲ''
''ဟင့်အင်း....ရုံ စာကျက်လို့လည်းမရဘူး၊ အိပ်လို့လည်းမရဘူး...အန်တီလင်းကိုပြောစရာရှိတယ်''
''ကဲ...ပြောပါရှင်...''
တစ်ခန်းထဲအတူတူလာအိပ်ပေးသည့် အန်တီလင်းက နွေအာရုံအသံကြားတာနဲ့ အိပ်ယာထဲက ထထိုင်သည်။မျက်နှာမကောင်းသည့် တူမလေးကို
ကြည့်၍ ဒေါ်လင်းလင်းလည်း စိတ်မသက်သာပေ။''ကလေး ဘာတွေစိတ်ညစ်စရာရှိလို့လဲ၊စာမလိုက်နိုင်လို့လား....''
ဒေါ်လင်းလင်းတစ်ယောက် ဖြစ်တဲ့ပြသာနာကိုသိပေမဲ့ မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
''ရုံ မပျော်ဘူးသိလား..... မေမေတို့အရမ်းရက်စက်တာ၊ သူငယ်ချင်းတွေနဲ့ ရက်ရက်စက်စက်ခွဲပြီးခေါ်လာကြတာ...အန်တီလင်း...ရုံစိတ်ညစ်လို့သေတော့မယ်သိရဲ့လား.. အဟင့်..ဟင့်''
''အေးပါ....တိတ်ပါ သမီးရယ်၊ သမီး စာမေးပွဲဖြေပြီးတာနဲ့ အန်တီလင်းလိုက်ပို့မယ်နော်၊ တိတ်တော့''
''အဟင့်...ရုံ ...ရုံ ရင်ဘက်ထဲမှာ နာလိုက်တာ''
''အန်တီလင်း နားလည်ပါတယ်ကွယ်၊ လာ....ချော့သိပ်မယ်နော်''
နွေအာရုံကို ခေါင်းအုံးပေါ်အုံးခိုင်းပြီးတာနဲ့ နဖူးလေးကို လက်နဲ့ပွတ်သပ်ကာ ချော့မော့ရင်း
အိပ်ပျော်အောင် ချော့သိပ်တော့သည်။
.
.
.