တောထဲကို လျှောက်ကြည့်ရင်း အထဲကို တော်တော်ရောက်လာတဲ့ နွေအာရုံတို့သူငယ်ချင်းနှစ်ဦးလည်း ခရီးအတော်လွန်လာပြီ။ ပိုးပိုး သီပေးထားတဲ့ပန်းခွေလေးကို သူမက ဆံပင်ဝဲဝဲလေးအထက်တွင် ပန်းခွေလေးအတိုင်းပန်ထားတော့ တောမင်းသမီးလေးအတိုင်း။
''ငါ တောမင်းသမီးလေးနဲ့တူသွားပြီလား''
''ဟီး...ဥစ္စာစောင့်မလေးလိုပဲ....တကယ်ပြောတာ''
''ပိုးပိုးနော် အဲ့လိုကြီးမစနဲ့၊ ငါကြောက်တယ်''
နွေအာရုံ မျက်နှာငယ်လေးနဲ့လှမ်းငေါက်၍
ကြားရသော အသံကြောင့် ခြေလှမ်းတုံ့၍ နားစွင့်လိုက်၏။''ပိုးပိုး....အဲ့တာဘာသံလဲ...''
''ငါလည်း နားစွင့်နေတာ... မဟုတ်မှလွဲရော တောဝက်လား....ပြေးလာသလိုပဲနော်....''
''ဘာ....''
''အို...မလန့်ပါနဲ့၊ တောဝက်ဆို သူ့ဘာသာလျှောက်ပြေးတာပါ...ဘာမှမဖြစ်ပါဘူး''
''ဟင့်အင်း...ဟင့်အင်း...အစွယ်ကြီးနဲ့ပြေးထိုးရင်
သေမှာ၊ လုပ်ပါ...ပိုးပိုးရဲ့ ငါအရမ်းကြောက်တယ်''''မကြောက်ပါနဲ့ နွေရုံရဲ့..ငါရှိတယ်''
နွေအာရုံ မျက်နှာလေးပျက်၍ ဟိုကြည့်ဒီကြည့်ဖြစ်နေတော့သည်။ မကြောက်နဲ့ပြောနေသော ပိုးပိုး၏
မျက်နှာလေးကလည်း အတော်ငယ်နေတာကို သတိထားမိသည်။''အရမ်းကြောက်တယ်....ကယ်ပါ...''
''အသံ....အသံက တဖြည်းဖြည်းနီးလာသလိုပဲ''
''အမေ့ရေ....''
''ဟာ....နွေရုံ မပြေးနဲ့၊ ရှေ့မှာ....''
''နွေရုံ....ငါ့ကိုစောင့်အုံး....''
အဖြစ်အပျက်က တကယ်မြန်သည်။ တောဝက်ဆိုတာ တကယ်မမြင်ရပေမဲ့ ခြုံနွယ်တွေလှုပ်ယမ်းသွားပုံက တစ်ခုခုပြေးလာလို့သတ္တဝါလေးတွေပြေးပုန်းသလိုမျိုး။ပြီးတော့ နောက်မှ ဝုန်းဒိုင်းကြဲလာသော အသံတွေက ပို၍ဆူလာ၏။ အခြေအနေတွေအာလုံးကို အကဲခက်မိတဲ့ နွေအာရုံသည်
စိတ်ကိုဘယ်လိုမှ တင်းမထားနိုင်တော့ဘဲ လွတ်ရာလွတ်ကြောင်း ထွက်ပြေးတော့သည်။