Unicode;
ဖြတ်ကျော်လာခဲ့တဲ့ လမ်းတစ်လျောက်က တောင်တန်းတွေ....
အနီရောင်စာတိုက်ပုံးနဲ့ ခပ်မှိုင်းမှိုင်း သစ်သားခြံစည်းရိုး...
ခြံဝန်းထဲက နှစ်ထပ်အိမ်ဟာလည်း မှိန်ပြပြဖြစ်ပြီး မြေနီတွေပြည့်နေတဲ့ မြေကွက်လပ်ဟာ ပေါင်းမြက်တွေနဲ့ရယ်..."....."
သူ့အကြိုက်ဆုံး ဆိုင်ကယ်စက်ရုပ်ကို တစ်လမ်းလုံးပွေ့ပိုက်လာတဲ့ ဆယ့်တစ်နှစ်အရွယ် ဝမ်ရိပေါ်လေးတစ်ယောက် အိမ်ကိုမြင်လျှင်မြင်ချင်း ရှိရှိသမျှပစ်ချပြီးထွက်ပြေးချင်စိတ် ပေါက်သွားရှာတယ်...
"နည်းနည်းတော့ ရှင်းလင်းရဦးမယ်ဆိုပေမဲ့ အရင်အိမ်ထက်တော့အများကြီးကျယ်တယ်မလား.."
ဘေးမှာလာရပ်တဲ့ ပါးပါးကို မော့ကြည့်လိုက်တဲ့ သူ့မျက်ဝန်းတွေဟာ မျက်ရည်တောင်အနည်းငယ်စို့ချင်ချင်...
တစ်ချိန်ထဲမှာပဲ သူခန္ဓာကိုယ်ဟာ လေပေါ်မြောက်တက်သွားပြီး သူ့ပါးပါးရဲ့ တောင့်တောင့်တင်းတင်းလက်ဖျံပေါ် ပွေ့ချီခံရလျက်သား..."ပါးပါးက အားလုံးသေချာပြန်ပြင်ပေးမယ်... သားဒီနေရာမှာ ပျော်စေရမယ်လို့ အာမခံတယ်.."
နှစ်သိမ့်စကားလားဘာလား သူမသိဘူး...
သူ ဒီနေရာမှာမနေချင်တာတော့ သိတယ်..."သားအဖတွေ ပစ္စည်းတွေအရင်မသယ်ပဲ ဘာအချိန်ဆွဲနေတာ... ကျွန်မတော့ အရမ်းနားချင်နေပြီ... ဗိုက်လည်းဆာနေပြီ..."
မားရဲ့ စကားတစ်ခွန်းမှာပဲ ပါးကသူ့ကိုအောက်ချလို့ အထုတ်အပိုးတွေကပျာကယာပြေးဆွဲတော့တယ်...
"ကိုယ့်အမျိုးသမီးလေး ပင်ပန်းနေပြီပဲ... အကုန်ထားခဲ့ပြီး အေးဆေးနား... ကိုယ်ပဲအကုန်သယ်ခဲ့မယ်.."
ပြောပြီး မားနားကပ်ကာ လုပ်နေကျအတိုင်း သူ့ရဲ့နုတ်ခမ်းမွေးခပ်စိပ်စိပ်နဲ့ မားရဲ့မေးဖျားကို ပွတ်ပြီး ကျီစယ်တော့တာပဲ...
"ရော်... သားရှိတယ်လေ... ဘယ်လိုဖြစ်နေတာ.."
မကြိုက်သလိုလေသံထွက်လာပေမဲ့ ရယ်မောနေတဲ့ မားကလည်း အမြဲတမ်း ဒီလိုပါပဲ...
သူ့အတွက်တော့ မြင်နေကျ သမာရိုးကျဖြစ်နေပြီ...
သူမျက်လုံးကိုအပေါ်စိုက်ပြီး စိတ်လေတဲ့ပုံစံလုပ်လိုက်တယ်..
သူ့မိဘတွေက ဒီအတိုင်း ကျေနပ်ပျော်ရွှင်နေတက်တဲ့ အမူအကျင့်တွေနဲ့ပေါ့...