Unicode;
အစိမ်းရောင်အခန်းလေးထဲ လွင့်ပျံ့နေတဲ့ Hiphop သီချင်းသံက မြူးကြွကြွ...
ရေချိုးခန်းဆီက သီချင်းလိုက်ဆိုသံကလည်း တိုးတချက် ကျယ်တချက်...
မော်တော်ဆိုင်ကယ်ပုံစံငယ်အရုပ်တွေ... အချို့သော ကာရိုက်တာအရုပ်တွေကို စင်ကလေးတွေနဲ့အလှဆင်ထားတယ်။
စကိတ်ဘုတ်တွေနဲ့ မော်တော်ဆိုင်ကယ်ဦးထုတ်တွေကိုလည် စနစ်တကျ ထားသိုသိမ်းဆည်းထားပုံအရ ဒီအခန်းပိုင်ရှင်လေးရဲ့ ထူးခြားတဲ့အကြိုက်ပုံစံကို မြင်တာနဲ့သိနိုင်တယ်။
ဒါပေမဲ့ အခန်းပိုင်ရှင်က သူ့အခန်းကို မိဘတွေကလွဲ ဘယ်သူမှဝင်ခွင့်ပြုတာမဟုတ်...
သူတန်ဖိုးထားတဲ့အရာတွေကို မည်သူမှထိတာ မကြိုက်လို့လေ...ရေချိုးခန်းထဲက ထွက်လာတဲ့ကောင်ငယ်လေးက အပေါ်ပိုင်း ဗလာကျင်းလျက်...
အောက်ပိုင်းကို တဘတ်လေးနဲ့သာပတ်ထားတယ်..."မောနင်းပါ မစ္စတာ.. ဒီနေ့လည်း သာယာတယ်ဟုတ်..."
အဝတ်အစားတောင်မဝတ်ရသေး အရင်ဆုံးနုတ်ဆက်တာက နံရံပေါ်က ပိုစတာတစ်ခုကို...
သူ့အကြိုက်ဆုံး အီတလီက မော်တော်ဆိုင်ကယ်ချန်ပီယံ Valentino Rossi ရဲ့ ပိုစတာလေ...
တစ်နေ့တော့ အီတလီအရောက်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။
ပြီးရင် Rossi နဲ့တွေ့ပြီးပြောပြချင်တယ်...
သူလည်း အဲ့ဒီလိုမော်တော်ဆိုင်ကယ်ချန်ပီယံ တစ်ဦးဖြစ်ချင်တယ်လို့လေ..
ဒါက များပြားသော သူ့အိပ်မက်တွေထဲက တစ်ခုပေါ့....ကုတင်ရဲ့ ထောင့်စွန်းလေးမှာတော့ ခွေးရုပ်တစ်ရုပ်ရှိတယ်...
အဲ့အရုပ်က အဲ့နေရာမှာပဲရှိနေတာတောင် ကြာလှပြီ...
တစ်ခန်းလုံးရဲ့ အပြင်အဆင်နဲ့ပစ္စည်းအသုံးအဆောင်တွေသာပြောင်းလာတာ ဒီအရုပ်ကတော့ ဒီအတိုင်းရှိနေဆဲပဲ...
လွန်ခဲတဲ့အစပိုင်းနှစ်တွေမှာတော့ သူဒီအရုပ်ကို အတော်လေး တွယ်တာခဲ့တာ...
ဒီအရုပ်မရှိရင် ညတောင်မအိပ်တဲ့အထိပဲဆိုပါတော့...ဒါပေမဲ့ သိတယ်မလား...
ဒီနှစ်အပိုင်းအခြားတွေမှာပဲ သူက ကြီးပြင်းလာပြီလေ...
အရပ်တွေလည်းရှည်လာပြီး ဒီလိုအရုပ်တွေကို မတွယ်တာတော့သလို သူ့ကိုယ်ပိုင် အကြိုက်တွေပိုများလာပြီ...
သူ့ဟာ သူ့လမ်းကြောင်းနဲ့သူ အတော်လေး နေသားကျနေပြီဖြစ်တယ်...
ကလေးငယ်ဝမ်ရိပေါ်ကနေ အခု လူငယ်လေးဝမ်ရိပေါ်ဖြစ်နေပြီပေါ့...