Chapter 15

831 133 4
                                    

လွမ်းဖျားလွမ်းနာ

ဝေးယန့် တောင်ပေါ်တွင် ဖြစ်သည်။

ဤတောင်ပေါ်၌ မိုးရွာနေသည်မှာ ရက်အတန်ကြာပြီဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး စိုစွတ်နေလေ၏။

ရုန်ရှောင်းနှင့် ကျန်သူများ ရောက်ရှိလာချိန်၌ နေ့ခင်းပိုင်းဖြစ်သော်လည်း ကောင်းကင်က ညနေခင်းကဲ့သို့ မှိန်ဖျော့နေလေ၏။

အနက်ရောင်ယူနီဖောင်းများဝတ်ဆင်ထားသော အစောင့်တစ်အုပ်စုသည် ဝေးယန့် တောင်၏ ဝင်ပေါက်၌ ရပ်နေလေ၏။ တစ်ချက်လေးမျှ ဖျတ်ခနဲကြည့်လိုက်လျှင် ပုံမှန် ကုမ္ပဏီ ဝန်ထမ်းများနှင့် ဆင်တူယိုးမှားထင်ရသည့် ပုံပေါက်ပါ၏။ သို့သော်လည်း အနီးကပ်စစ်ဆေးကြည့်ပါက သူတို့တစ်ယောက်စီတိုင်းတွင် လူနှင့်တူသည့် လက္ခဏာများ မရှိချေ။ တချို့တွင် မျက်နှာများ၌ အကြေးခွံရှိ၏၊ တချို့တွင်မူ ခေါင်းများထက်၌ နားရွက်များရှိကြပြီး တချို့ဆိုလျှင် အနောက်တွင် ယမ်းခါနေသော အမြီးပင်လျှင် ပါကြသေး၏။

သူတို့အားလုံးသည် ရုန်ရှောင်းနှင့် ယုံပုဝမ့် ရောက်လာသည်ကို မြင်လျှင် အလိုလို စိုးရိမ်ပူပန်လျက် ရိုရိုသေသေ ဦးညွတ်လာကြသည်။

ထိုသူများသည် နတ်ဆိုးစီမံခန့်ခွဲရေးဗြူရို၏ ပြည်တွင်းဂိုဏ်းခွဲ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ရုန်ရှောင်းက သူတို့အခက်တွေ့အောင် မလုပ်ခဲ့ချေ။ သူ ခေါင်းညိတ်ပြပြီး သူ့အဖွဲ့အား တောင်ပေါ်သို့ ဦးဆောင်သွားသည်။

ဝေးယန့်တောင်၏ အကာအကွယ်စည်းရှိရာ ဝင်ပေါက်၌ ရပ်နေစဥ် သူသည် အတွင်းပိုင်းမှ မငြိမ်းချမ်းမှုနှင့် အားကောင်းသည့် မကောင်းဆိုးဝါး အငွေ့အသက်များကို ခံစားမိလိုက်သည်။

အကာအကွယ်စည်းသည် ထိတ်လန့်ကြောက်ရွံဖွယ် သဘာဝလွန်အရာများကို တောင်ထဲ၌ ချုပ်နှောင်ထားသည်။ အကာအကွယ်စည်းကိုရေးဆွဲဖို့ သူတို့တွေ ဘယ်လောက်တောင်အားထုတ်ကြိုးပမ်းခဲ့ရလဲဆိုတာ အမှတ်ရမိတုန်းပင်။ ယခုဆိုလျှင် အနှစ်သုံးထောင်ကုန်လွန်သွားပြီဖြစ်ပေမဲ့လည်း ထိုအရာများက မကောင်းသောရည်ရွယ်ချက်များနှင့်အတူ အကာအကွယ်စည်းအား ချိုးဖြတ်ရန် ကြိုးစားနေကြဆဲဖြစ်သည်။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now