အလုပ်များသည့် ရက်သတ္တပတ်ရဲ့အစဖြစ်ကာ
ပိတ်ရက်ကုန်ဆုံးသည့် ပထမဆုံးရက်မို့လို့
မနိုးကြားသည့် လူတွေကအများအပြား။
ခေါင်းငိုက်စိုက်ကာ လေးလံသည့်
ခြေလှမ်းတွေကို သယ်ရင်း တစ်လှမ်းချင်းလျှောက်နေကြပေမဲ့ စိတ်အာရုံသည် ကိုယ်ခန္ဓာနဲ့ ကင်းကွာစွာ။
တချို့ဆို ရထားဘောင်ကို မှီကာ
အိပ်ငိုက်နေသေးသည်။မြေအောက်ရထားကနေ ကြေညာသံထွက်လာတာနဲ့တစ်ပြိုင်နက် ရထားပေါ်က လူတွေအားလုံး
နောက်ဘူတာမှာဆင်းရဖို့အရေး
မတ်တပ်ထရပ်သူကရပ်နဲ့ အလျင်စလို။ငြိမ်သက်သွားသည့် စက်သံနဲ့အတူ ရထားပေါ်
တက်သူ ကတက်၊ဆင်းသူက ဆင်း၊ရထားတံခါးနားမှာ ရုတ်ရုတ်သဲသဲ၊သူ့ထက်ငါ အပြိုင် တိုးကြတော့
ရင်ဘတ်ကို လာလာဆောင့်သည့်
အရှေ့ကတစ်ယောက်ရဲ့ ခန္ဓာကိုယ်။
မတိမ်းမယိမ်းအရပ်ကြောင့် နှုတ်ခေါင်း၀မှာ
ယားကျိကျိဖြစ်စေသည့် ထိုသူ၏ ဆံပင်မွှေးတွေ။တော်ရုံရှေ့မရောက်တာမို့လို့ ခါးကနေ
တွန်းဖို့လုပ်တော့ ထိုလူသည်လန့်သွားပုံပေါ်ပြီး
လှည့်မကြည့်ဘဲ တောင်းပန်ပါတယ် ဆိုသည့်
စကားကို အဆိုရှိလာသေးသည်။
လူအုပ်ကြီးကို ကျော်ဖြတ်ရင်း ဘူတာကနေ
ခပ်မြန်မြန်ထွက်လာကာ ဒီနေ့အတွက်စံချိန်ကို
ကြည့်လိုက်တော့ လက်ထဲမှာ ပါလာသည့်
ပိုက်ဆံ အိတ် နှစ် အိတ်။ခပ်ဖောင်းဖောင်း
ပိုက်အံအိတ်ကြောင့် ဂုဏ်ယူသလိုပြုံးလိုက်မိသည်။ပုံမှန်အတိုင်းလမ်းလျှောက်ရင်း ပိုက်ဆံအိတ်ထဲက
သုံးလို့ရမယ်ထင်တာတွေကိုထုတ်ကာ မလိုတာတွေကို ဘေးမှာ အလျဥ်းသင့်သလိုရှိနေသည့်
အမှိုက်ပုံးထဲကို အမြန်ထည့်လိုက်သည်။
လုပ်နေကျကိစ္စတွေပဲမို့လို့ရှောရှောရှုရှုလုပ်နိုင်နေပေမဲ့တန်ဖိုးကြီးပုံရသည့် သားရေခေါက်ပိုက်ဆံအိတ်လေးအလှည့်ရောက်တော့
အမှိုက်ပုံးထဲပစ်ချလိုက်ဖို့ လက်တွန့်နေသလို။
ငွေသားထက် ကဒ်ကိုပိုအသုံးများမှန်းသိသာလောက်အောင် ထွက်လာသည့် ကဒ်မျိုးစုံ၊ဒါတွေအပြင်
ကျောင်းသားကဒ်လည်း ပါသေးသည်။