မကျဥ်းမကျယ်ဖွင့်ထားတဲ့ ပြတင်းပေါက်က
တစ်ဆင့် မိုးစက်လေးတွေက အိမ်အတွင်း
ပက်ဖြန်းလာသည်။တိတ်ဆိတ်သည့်အခန်းတွင်
နာရီလက်တံဟာ စီးချက်ကျကျရွေ့လျားနေ၏။
လက်ထဲက စုတ်တံကို မချဘဲ တိုင်ကပ်နာရီဆီ
အကြည့်ပို့လိုက်မိသည်။ အချိန်ကိုက်ပွင့်လာသည့် တံခါးသံဟာ သူ့ကို စိတ်ကျေနပ်စေသည်လား။မဟုတ်ရင်ရော မကျေမနပ်ဖြစ်စေသည်လား။
"နောက်ကျသားပဲ"
"ရစ်ခ်"
ခပ်မြူးမြူးအသံမှာ ရစ်ခီ မျက်ခုံးပင့်ကြည့်မိသည်။
လွယ်လာသည့်အိတ်ကို ဆိုဖာပေါ်ပစ်ချကာ
သူ့ဆီဒယိမ်းဒယိုင်လျှောက်လာသည့် ဂယူဗင်းက မူးယစ်စေသည့်အရာတစ်ခုခုရဲ့
လွှမ်းမိုးမှုအောက် ရောက်နေတယ်ဆိုတာကို
ရစ်ခီတစ်ချက်တည်းနဲ့ပြောနိုင်သည်။
"မအိပ်သေးဘူးလား"
ပွေ့ဖက်ချင်ယောင်ယောင် လှမ်းလာသည့်
လက်တစ်စုံက လေထဲမှာရပ်တန့်သွားပြီး
ဂယူဗင်းက သူ့ကို အားတုံ့အားနာဟန်ပြုံးပြ
လာသည်။ရစ်ခီ မသိမသာလှောင်ရယ်လိုက်သည်။
ထိုအပြုအမူကို အသံမထွက်စေရ။
ဂယူဗင်းမမြင်စေရ။
"ညဘက်ကြီး ပန်းချီဆွဲနေတယ်ဆိုရင် မီးဖွင့်မှပေါ့၊မဟုတ်ရင် မင်းမျက်လုံးတွေထိလိမ့်မယ် သိရဲ့လား"
ဆူသံလေးရောယှက်ကာ ခပ်လေးလေးပြောလာသည်။အဆုံးသတ်စကားကိုတော့ ဂယူဗင်းက
သူ့သဘာ၀အတိုင်း ရယ်သံလေးနှောကာဆို၏။
ထို့နောက် ကိုယ်တိုင်ပဲ မီးဖွင့်ပေးလာသည်။ ရစ်ခီ ဖျတ်ကနဲ မျက်လုံးတစ်ချက်ပိတ်လိုက်မိသည်။
"ဒါ ဘာအဓိပ္ပါယ်လဲ ရစ်ခ်"
သူ့ ထိုင်နေသည့် ခုံနောက်ကို မှီကာ
ဂယူဗင်းကအဆိုရှိလာ၏။
ထိုမှသာ ကိုယ့်ပန်းချီကိုယ် ရစ်ခီ ပြန်ကြည့်မိသည်။
ဆေးရောင်တွေဟာ တောက်တောက်ပပမရှိလှ။
မသပ်ရပ်သည့် အနားသတ်တွေသည်
တစ်စုံတစ်ခုလို့ ညွှန်းဖို့ခက်လွန်းသည်။
ရစ်ခီ ပျင်းတိပျင်းရွဲခုံနောက်ကို ကျောမှီချတဲ့အခါ
ဂယူဗင်းက ကတိုက်ကရိုက် သူ့လက်တွေကို
ပြန်ရုတ်သည်။ ထို့နောက်
သူ့မျက်နှာကို ငုံ့မိုးကာ အကဲခတ်သည်။
နီရဲနေသည့် မျက်၀န်းထောင့်တွေကိုကြည့်ရင်း
ရစ်ခီက ခပ်တိုးတိုးရယ်လိုက်မိသည်။
