Part -1 (Unicode)

11.1K 283 18
                                    

Ma' s Mg

Part -1

သွန်းကော်ဖီဆိုင်ထဲ ငြိမ်သက်စွာ ထိုင်နေမိပြီး မှန်နံရံကို ရိုက်ခတ်လာသော မိုးပေါက်လေးတွေကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ သွန်းအခု ရောက်နေရသည့် အကြောင်းက မေမေ့ ငယ်သူငယ်ချင်းရဲ့ သားဖြစ်သူနဲ့ သွန်းကို စေ့စပ်ပေးဖို့ ကြောင်းလှမ်းထားကြသဖြင့် အဲ့ကောင်လေးနဲ့ လာတွေ့တာဖြစ်သည်။ သျှန်နေခက သွန်းထက် နှစ်နှစ်လောက်တော့ ငယ်တယ်ပြောကာ သူနဲ့သွန်း ငယ်ငယ်က တွေ့ဖူးတယ်လို့ မေမေပြောသော်လည်း သွန်းတော့ မမှတ်မိပါ။

ဒီနေ့မနက် သွန်း အိပ်ယာကနိုးတော့ ဖုန်းနံပါတ်စိမ်းတစ်လုံးက သွန်းဖုန်းကို ခေါ်လာတာကြောင့် သွန်းကျောင်းသားတွေထဲက ဆက်တယ်ဟုထင်ကာ ကိုင်လိုက်တော့မှ သျှန်နေခဖြစ်နေပြီး သွန်းကို ဒီနေ့တွေ့ဖို့ ချိန်းတာကြောင့် လာခဲ့ရခြင်းသာ။ သွန်းရောက်နေတာ တစ်နာရီပြည့်တော့မည် ချိန်းတဲ့သူက အခုထိ ရောက်မလာသေးပေ။ ခဏအကြာ ဝင်ပေါက်မှန်တံခါး ပွင့်လာ၍ သွန်းတို့အရွယ် ကောင်လေးတစ်ယောက် ဝင်လာလေသည်။

Pant အနက်အရှည်ကို အပေါ်က ရှပ်လက်ရှည်ဖြင့် တွဲဝတ်ကာ ရှပ်အင်္ကျီ‌လက်ကို တံတောင်အောက်ထိ ခေါက်ထားသဖြင့် လက်ဖျံက သွေးကြောစိမ်းတွေက အကြည့်မလွှဲချင်စရာ ။ ကြယ်သီး သုံးလုံးလောက် ဖြုတ်ထားသဖြင့် အင်္ကျီအောက်မှ ရင်ဘတ် ဖြူဖြူက အထင်းသား..... ဂုတ်ထောက်လောက် ဆံပင်ကို သေသပ်စွာ ဖီးသင်ထားသဖြင့် တော်တော်လေး ကြည့်လို့ကောင်းလေသည်။ အရပ်က ၆ပေလောက်ရှိကာ ခြေ‌လှမ်းတိုင်းကို ယုံကြည်မှုအပြည့်ဖြင့် လျှောက်နေသော ထိုကောင်လေးက သွန်းထင်တာ မမှားဘူးဆိုလျှင် သျှန်နေခ ဖြစ်လောက်၏။

သွန်းအထင်တွေမှန်ကန်ကြောင်း စိတ်မရှည်သည့် မျက်နှာ အမူအရာဖြင့် သွန်းရှေ့က ခုံမှာ ဝင်‌ထိုင်လိုက်သော ကောင်လေးက သက်သေပင်။ ထိုင်ခုံမှာ ဝင်ထိုင်ပြီးတာနှင့် မျက်မှန်ကို စားပွဲပေါ် ချွတ်တင်လျက်....

"ကျုပ်တို့ ကိစ္စကို ခင်ဗျားဘက်က ငြင်းပေးပါ....."

ကြားလိုက်ရသည့်အသံက နားဝင်ချိုစရာ တစ်စက်မှ မရှိ။ သွန်းဘက်ကလည်း မိဘတွေကြောင့်သာ ဒီမင်္ဂလာ ကိစ္စကို လက်ခံ လိုက်ရခြင်း ဖြစ်တာကြောင့် စိတ်တော့ နည်းနည်းတိုမိသည်။ ဒါပေမယ့် တစ်သက်လုံး မိဘစကား နားထောင်လာသော သွန်းဘက်ကတော့ ငြင်းမှာမဟုတ်ပါ။

Ma' s Mg Where stories live. Discover now