Ma' s Mg
Part -2
သျှန်ဒီရက်ပိုင်း သွန်းပိုပိုချစ်ဆိုသည့် တစ်ယောက်ကို သေချာ စောင့်ကြည့်နေမိသည်။သူမက ယဉ်သည်..... သူမက ယဉ်ယဉ်လေးနဲ့ကို လှတာဖြစ်၏။ သျှန်စောင့်ကြည့်နေသည့် ရက်တွေအတွင်း သိထားမိသည်က သူမသည် ကျောင်းသွားသည့်အခါ တစ်ရက်ပါတိတ်ဝတ်လျှင် တစ်ပတ်လုံး ပါတိတ်ကို အဆင်စုံ ဒီဇိုင်းမျိုးစုံ ချုပ်ထားသော ဝမ်းဆက်တွေဝတ်၍ ဗြောင်ဝတ်လျှင်လည်း အဲ့တစ်ပါတ်လုံး ဗြောင်ဝမ်းဆက်တွေကိုသာ အရောင်စုံ အင်္ကျီဒီဇိုင်းစုံ ချုပ်၍ ဝတ်တာဖြစ်သည်။
ဘာလေးဝတ်ဝတ် သူမခန္ဓာကိုယ်နှင့် ချပ်ကပ်စွာ ကြည့်ကောင်းနေသဖြင့် သျှန့်စိတ်ထဲ အလိုမကျဖြစ်မိ၏။ ဘာကို အလိုမကျမှန်းတော့ မသိပါ။ သူမ ကျောင်းဆောင်ထဲ ဝင်သွားလျှင်လည်း ကျောင်းသားတော်တော်များများ၏ အကြည့်တွေက ပါသွားတတ်လေသည်။ သျှန် မိန်းကလေး တော်တော် များများနဲ့ တွဲဖူးသော်လည်း သွန်းပိုပိုချစ်လို ပုံစံမျိုးတော့ တစ်ယောက်မှ မပါပေ။ သျှန်နှင့် တွဲသမျှ ကောင်မလေးတိုင်းက ခပ်ဟော့ဟော့တွေသာဖြစ်ပြီး အဝတ်အစား ဝတ်တာကအစ ခေတ်မှီလွန်းကြသည်။
လန်းပေ့.... ဟော့ပေ့ဆိုသည့် မိန်းကလေး တွေနဲ့သာ တွဲလာသည့် သျှန်က အခုလက်ထပ်ရမည်လည်းဆိုရော တကယ့်ကို အိန္ဒြေရှင် တည်တည်ငြိမ်ငြိမ်နဲ့မို့ ထူးအံ့နဲ့ မင်းသစ်က သျှန့်ကို စနေကြတာဖြစ်သည်။ သွန်းပိုပိုချစ်က အနေတည်ကာ ယောက်ျားလေးတွေနှင့် ပတ်သက်တာမျိုးတောင် မတွေ့ဖူးပေ။ သူ့တပည့် ကောင်လေးတွေနဲ့တောင် လိုတာထက်ပို၍ အရောမဝင်တတ်ကြောင်း သိရသည်။ အဲ့မှာတင် သျှန်နဲ့ ပုံစံ မတူတော့တာပင်။
သျှန်က အချော အလှတွေကို တစ်ယောက်ပြီး တစ်ယောက် ထည်လဲတွဲတတ်သည်။ သူတို့ဘက်က သျှန့်အပေါ် သဒ္ဓါပိုသော်လည်း သျှန့်ဘက်ကတော့ တွဲသွားတွဲလာသာလုပ်၍ skin shipတောင် မလုပ်။ သျှန်က တခြား သူစိမ်းတွေနဲ့ ထိတွေ့ရတာကို သဘောမကျတာမို့ တချို့ ကောင်မ လေးတွေဆိုလျှင် တွဲပြီး ပြတ်သွားသည်အထိ လက်တောင် မကိုင်ဖူးပေ။ သျှန့်အတွက် ရည်းစား ဆိုတာ သျှန်ပျင်းနေချိန် အဖော် လုပ်ပေးရုံသာ။ ဘယ်သူ့ကိုမှ စိတ်ထဲမရှိသလို စိတ်ထဲလည်း မထားပေ။ အခုတော့ သွန်းပိုပိုချစ်က သျှန့်စိတ်ထဲ မသိမသာဖြင့်ရောက်နေပြီကို သျှန်ကိုယ်တိုင်ပင် သတိမထားမိပါ။
YOU ARE READING
Ma' s Mg
Romanceတစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ မိဘတွေ သဘောတူလို့ ယူဖို့ ဖြစ်လာကြတဲ့ သူနှစ်ယောက်။ သျှန်နေခတစ်ယောက် လက်ထပ်ပွဲ ပျက်အောင် ဘယ်လိုတွေ ဖျက်မလဲ။ သူ မယူချင်ဘူး ပြောပြီးမှ အသည်းအသန်တွေ ဘယ်လိုချစ်မလဲ။