( 2001 ) ခုနှစ်
" ငါ့ကိုမမေ့ရဘူးနော် Yuri ငါပြန်လာတဲ့အခါ နင့်အတွက်လက်ဆောင်တွေယူလာခဲ့မယ် ချောကလက်တွေလဲ ယူလာမှာ "
ဆယ်နှစ်ပတ်ဝန်းကျင်သာရှိသောအသားညိုညို နှင့်ကောင်လေးတစ်ယောက် သူ့ရှေ့တွင်ရှိသော ချစ်စဖွယ် ကောင်မလေး၏ လက်ကိုကိုင်ကာ နှုတ်ဆက်စကားပြောနေသည်မှာ တကယ့်လူကြီးတွေခွဲရသည့်အလားပင်။ ကောင်လေး၏စကားကိုကောင်မလေးကအရေးထားပုံမရ။ကောင်လေးကိုင်ထားသောလက်ကိုရုန်းလျက် မကျေမနပ်ပြန်ကြည့်ကာ
" ငါချောကလက်မကြိုက်ပါဘူး ချောကလက်က KyungSoo ကြိုက်တာ "
သူတို့နှစ်ယောက်ဘေးတွင်ရပ်နေသော အသားဖြူဖြူ ချစ်စဖွယ်ပါးဖောင်းဖောင်းလေးတွေနှင့် ကောင်လေးအားမေးငေါ့ပြလိုက်လေသည်။သူတို့သုံးယောက်နှင်ခပ်လှမ်းလှမ်းတွင် လူကြီးများကလဲ ဝိုင်းဝန်းပွေ့ဖက်ကာနှုတ်ဆက်နေကြလေရဲ့။
Do မိသားစု
Kim မိသားစု
Kwon မိသားစု
ဒီမိသားစုသုံးစု ခင်မင်ခဲ့သည်မှာ Do Kyung Soo ။Kim Jongin ။Kwon Yuri။ ဒီကလေးတွေမမွေးခင်ကတည်းက။ဖခင်များက အချစ်ဆုံးသူငယ်ချင်းတွေမို့ ပေါင်းဖက်မိသော မိန်းမတွေအချင်းချင်းရင်းနှီးမိသည်မှာမဆန်းပေ။ထူးဆန်းလှသောရေစက်ဟုပင်ပြောရမည်။မွေးဖွားလာသောကလေးများကလဲ သက်တူရွယ်တူ သူငယ်ချင်းတွေသာ။တစ်အိမ်အကြောင်းတစ်အိမ်သိ ဆိုးအတူကောင်းအတူ ရိုင်းပင်းကူညီခဲ့ကြလျက် ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြရာမှ Kim မိသားစု၏ အိမ်ထောင်ဦးစီး Jongin အဖေ ရာထူးတိုးမှုဖြင့် UK သို့ပြောင်းရန် ဖြစ်လာခဲ့သည်။ဘဝ၏တိုးတက်မြင့်မားရေးအတွက်မို့ မခွဲချင်သောငြား ခွဲရတော့မည်ဖြစ်သော်လည်း နှုတ်ဆက်၍ မဝနိုင်ပေ။မျက်ရည်လည်ရွှဲဖြင့် လူကြီးတွေငိုပွဲဆင်နေသော်လည်း ကလေးသုံးယောက်ကတော့ ကလေးပီပီ အစွဲအလန်းသိပ်မကြီးကြပေ။အထူးသဖြင့် Kwon Yuri ။သွက်လက်သောချစ်စဖွယ်ကလေးမလေးမို့ Jongin ခွဲရမည်ကိုလည်းဝမ်းနည်းမနေ။Jongin ကသာ ချစ်ဖို့ကောင်းလွန်းသော သူငယ်ချင်းမလေးကို နှုတ်ဆက်မဝနိုင်။ဘေးနားမှ KyungSoo ကတော့နှစ်ယောက်အကြောင်းသိနေသည့်အလားပွဲကြည့်ပရိတ်သတ်ပင်။