အပိုင်း (၁၇)
မျက်ဝန်းတို့ကို အသာဖွင့်မိတော့ မိုးတောင် လင်းနေလေရဲ့။အလင်းရောင်နှင့် ထိတွေ့၍ ကျိန်းစပ်သွားသော မျက်ဝန်းတို့ကို အသာပိတ်ထားရင်း ငြိမ်နေမိသည်။နဖူးပေါ်တွင် လေးလံသလိုခံစားမိ၍ လက်ဖြင့်ထိမိတော့ စိုစွတ်နေသော အဝတ်တစ်ခု။တစ်ညလုံး ဖျားနေခဲ့သည်ထင်ပါရဲ့။Jongin အဖျားကျအောင် တင်ပေးထားသည်လား။ဘေးဘက်ကို ကြည့်မိတော့ ကုတင်စွန်းကို ခေါင်းအုံးကာ အိပ်ပျော်နေသည့် အပြစ်ကင်းစင်လွန်းသော မျက်နှာ ချောချောကို တွေ့လိုက်ရသည်လေ။ဘယ်ဘက်လက်ကို ခေါင်းအုံးထားကာ ညာဘက်လက်က KyungSoo လက်ကို အသာဆုပ်ကိုင်ထားလေသည်။KyungSoo ကြောင့် အိပ်ပျက်နေခဲ့သည်ထင်ပါရဲ့။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Jongin ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ခပ်တိုးတိုးချမိရသည်။
"ငါကလေ မင်းအတွက် တကယ် ဝန်ထုပ်ဝန်ပိုးပဲ Jongin "
မျက်နှာပေါ်ဝဲကျနေသည့် ဆံပင်တွေကို အသာသပ်တင်ပေးမိတော့ လှုပ်ရှားသံတွေကို ခံစားမိသည် ထင်ပါရဲ့။အိပ်ချင်မူးတူး ပုံစံဖြင့် ထလာလေသည်။
"aww ... နိုးနေပြီလား သက်သာလား "
နဖူးပေါ် လက်ဖြင့်စမ်းရင်း ပါးတွေကိုလဲ ကိုင်ကြည့်ရင်း အဖျားရှိမရှိ စမ်းသပ်နေရာ သက်သာပါတယ်ဟု ပြောကာလက်တွေ ဆွဲဖယ်မိရင်းမှ ထရန်ပြင်တော့ ဆွဲထူနေလေရဲ့။
"နေမှမကောင်းသေးတာ ထပ်အိပ်လိုက်အုံး တစ်ကိုယ်လုံး ပျော့ခွေနေတာပဲ မဖြစ်တော့ဘူး ဆေးရုံသွားမှ ဖြစ်မယ် "
" ရပါတယ်ဆို ငါ ဘာမှမဖြစ်ဘူး Jongin "
Jongin လက်တွေကို အသာဆွဲယူဆုပ်ကိုင်ထားရင်းပြောတော့မှ ဘေးနား လာထိုင်လေသည်။အနည်းငယ်ရှုပ်ပွနေသော ဆံပင်တွေကို သပ်ပေးနေသည့် Jongin ကိုကြည့်ရင်း ရင်ထဲ ဝမ်းနည်းမှုက အလိုလိုဝင်လာရသည်။ကိုယ့်ကိုကိုယ်လဲ အားမရဖြစ်မိရသည်။ခုချိန်ထိ Jongin ဘက်မှလဲ သေချာရပ်တည်မပေးနိုင်။Jongin အား စိတ်ညစ်မှုတွေ စိတ်ဆင်းရဲမှုတွေက ဖြစ်စေသည့်အတွက်လဲ ကိုယ့်ကိုကိုယ်မုန်းတီးမိရသည်။
"ဘာလို့လဲ မနက်စောစောစီးစီး ငါအရမ်းချောနေလို့လား စိုက်ကြည့်နေရအောင် ဘယ်လောက်တောင်လွမ်းနေတာလဲ "