အပိုင်း(၃)
" Do KyungSoo "
ကျယ်လောင်သောအော်သံဖြင့် အခန်းထဲဝင်လာသော Jongin ကြောင့် စာဖတ်နေသော KyungSoo လန့်သွားရသည်။Jongin ပုံစံက အရမ်းကိုဒေါသထွက်နေသည့်ပုံ မျက်ဝန်းတွေမှာ စူးရှပြီးတောက်နေလျက် တစ်ခါမှမတွေ့ဖူးသော Jongin ပုံစံကြောင့် KyungSoo ပိုလန့်နေမိသည်။
" ဘာဖြစ်လို့လဲ Jongin ဘာတွေဖြစ်လာလို့လဲ"
KyungSoo အမေးကို Jongin မဖြေ။ထိုင်ခုံတွင်ထိုင်နေသော KyungSoo ကို ပခုံးနှစ်ဖက်မှဆွဲထူလိုက်ရာ အလေးချိန်ပေါ့သော KyungSoo ခန္ဓာကိုယ် Jongin လက်ထဲပါသွားပြီး မတ်တပ်ရပ်ပြီသားဖြစ်သွားလေရဲ့။KyungSoo ပခုံးတွေကို ခပ်ကြမ်းကြမ်းဆွဲလှုပ်နေတော့ ပခုံးတွေနာလာသည်။
" Jongin ah !! ဘာတွေဖြစ်လာတာလဲ ငါ့ကိုလွှတ်ပါကွာ နာတယ် "
Jongin ပုံစံက အသိစိတ်ပျောက်နေသူအလား KyungSoo စကားတွေကြားပုံမရပေ။KyungSoo မျက်နှာကိုသူ့မျက်နှာနားအထိဆွဲယူကာ KyungSoo မျက်လုံးတွေထဲတည့်တည့်ကြည့်နေသောကြောင့် KyungSoo အနေရခက်လာလေသည်။
"DoKyungSoo .... မင်းလူလိမ် ..."
Jongin နှုတ်မှ ထွက်လာသောစကားသံကြောင့် KyungSoo ခြေထောက်တွေယိုင်ကျသွားရသည်။လူလိမ်တဲ့လား Jongin သိသွားပြီလား။KyungSoo က ၁၅ နှစ်လုံးလုံး သူ့ကိုလိမ်ထားတယ်ဆိုတာ သိသွားပြီလား။KyungSoo မရောက်ချင်သော အချိန် မဖြစ်ချင်သောအနေအထားတွေဖြစ်သွားပြီလား။Jongin KyungSoo ကိုမုန်းတော့မှာလား။
" Jongin ah .... ငါ ... ငါလေ..."
"တော်တော့ ...."
Jongin အော်သံအဆုံး ဖြေရှင်းချင်သည့် KyungSoo နှုတ်တွေ ပိတ်ကျသွားရသည်။KyungSoo ကိုကြည့်သည့် Jongin မျက်ဝန်းတွေထဲမှာ အမုန်းတရားတွေအပြည့်။မမြင်ချင်ဆုံးသောအရာ Jongin ရာ တကယ်ကို မင်းဆီကအမုန်းတရားတွေငါမလိုချင်ခဲ့တာပါ။
" ငါ့ကို လိမ်တယ်..."
" .... "
" ငါ့ကို လှည့်စားတယ်...."
" Jong .. Jongin ah ..."
" မခေါ်နဲ့ ငါ့နာမည်ကို..."
".... "
" ငါ မင်းကို ရွံတယ် "
KyungSoo ရင်ဘတ်ထဲနာကျင်လာသည်နှင့်အညီ မျက်ရည်ပေါက်တို့ကလဲ ကျဆင်းလာလေသည်။ဘယ်လောက်တောင် ဆိုးရွားလိုက်သည့်ခံစားချက်လဲနော်။ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ရွံသည်ဟုပြောသည်ကို ကိုယ့်နားနဲ့ကြားနေသော်လည်း လက်မခံချင်သည့်စိတ်။ဖြေရှင်းခွင့်မပေးဘဲ တစ်ဖက်သတ် စွပ်စွဲချက်တွေတင်တာ မုန်းတီးနေသောသူအား မနာကျည်းနိုင်သည့်စိတ်တွေဖြင့် KyungSoo ပုံစံကလဲကျတော့မတတ်။ပြောချင်ပေမယ့်လဲ စကားသံတို့က ပျေက်ဆုံးနေလေသည်။မျက်ရည်တို့ဖြင့်တောင်းပန်သောအကြည့်ဖြင့်သာ ကြည့်နေနိုင်သည့် ကိုယ့်ကိုကိုယ်လဲ စိတ်ပျက်မိသည်။နောက်ဆုံးရလိုရငြား Jongin လက်တွေဆုပ်ကိုင်မိတော့ KyungSoo လက်တွေကိုရုန်းကန်ရင်း KyungSoo ကိုတွန်းလွှတ်လိုက်တော့ ကြမ်းပြင်တွင်ပုံလျက်သား ကျသွားလေသည်။