အပိုင်း (၁၈) Final
"America သွားဖို့ပြင်ထား "
ကြားလိုက်ရသည့်စကားကြောင့် Kyung Soo မိခင်ကို အံ့သြစွာဖြင့် ငေးကြည့်မိသည်။အတည်ပြောနေခြင်းလားဟူ၍ လဲ အကဲခတ်မိရသည်။အမေ့ မျက်နှာကတော့ တည်ငြိမ်နေလေရဲ့။
"Tutor ပဲသွားလုပ်တော့ ပြီးရင် ပါမောက္ခ ဖြစ်အောင်ကြိုးစားခဲ့ "
"အမေ တကယ်ပြောနေတာလား ကျွန်တော့ကို တကယ်သွားခိုင်းနေတာလား ဘာဖြစ်လို့လဲ အမေ "
Kyung Soo နားမလည်၍ မိခင်ကို အထပ်ထပ်ပြန်မေးနေမိသည်လေ။Jongin နှင့် မိမိ ကိစ္စတွေအကုန်လုံး နှစ်ဖက်မိဘတွေ သိပြီးသွားသည့် နောက်ပိုင်း ဆက်ဆံရေးတွေ အနည်းငယ်တင်းမာလာသလိုပင်။အရင်က ပျော်ရွှင်စွာဖြင့် နှစ်အိမ်တစ်အိမ် ကူးလူးဆက်သွယ်နေသော မိသားစုတွေသည် ယခုတော့ ထူးဆန်းစွာပင် ငြိမ်သက်နေကြလေရဲ့။Kyung Soo တွေးထင်ထားသည့် ကိစ္စတွေ တကယ်ပဲဖြစ်လာခဲ့ပြီလားတွေးမိပြီး ရင်ထဲ နာကျင်မှုတွေကအပြည့်။
ခုရက်ပိုင်း Jongin နှင့်လဲ မတွေ့ရသည်မှာ တစ်ပတ်တိတိရှိနေခဲ့ပြီ။ဖုန်းဖြင့်လဲ အဆက်အသွယ်မရ။KyungSoo ဖုန်းအား KyungSoo ပြန်ရောက်သည့်နေမှစ၍ သိမ်းသွားခဲ့သည်မှာလဲ တစ်ပတ်ရှိနေခဲ့ပြီ။သွားချင်တာမသွားရ တွေ့ချင်တဲ့သူနှင့်မတွေ့ရဘဲ အသက်မပြည့်သေးသည့် ကလေးကို လှောင်ပိတ်ထားသလိုမျိုး KyungSoo နေခဲ့ရသည်လေ။Jongin ဖုန်းမှလွဲ၍ တခြားသူတွေရဲ့ဖုန်းတွေကို လက်ခံစကားပြောခွင့်ပေးသည့် အမေ့စိတ်ကို Kyung Soo စိတ်ဆိုးရအခက် နားလည်ပေးရအခက် ရှိနေခဲ့ရသည်။Jongin နှင့် ချစ်ခဲ့မှုက ဒီလောက်ထိ မှားယွင်းခဲ့မှုလား။လူနှစ်ယောက်ရဲ့အချစ်တွေကို ဒီလောက်ထိ လစ်လျူရှုခံခဲ့ရခြင်းလား။သူတို့နှစ်ယောက်ရဲ့အချစ်တွေက သဘာဝကို ဆန့်ကျင်နေခဲ့၍လား။တစ်ခါတလေ ပေါက်ကွဲစွာဖြင့် KyungSoo အရာအားလုံးကို စွန့်လွှတ်ကာ Jongin ဆီပြေးသွားချင်မိရသည်။စိတ်တွေလဲ ပင်ပန်းလွန်းလှပြီ။
"ကျွန်တော်တို့ကို ခွဲထားဖို့လား ဒီလိုလုပ်ရုံနဲ့ ကျွန်တော်တို့နောက်ဆုတ်ခဲ့မယ်ဆိုရင် ဒီအထိတောင် ရောက်မလာဘူး အမေ "
![](https://img.wattpad.com/cover/65392665-288-k506197.jpg)