" တင်း .... တောင် "
နားထဲဆူညံစွာ ဝင်လာသော bell သံကို ကြားသော်လည်း မျက်လုံးတို့က ဖွင့်မရသဖြင့် Jongin ထမကြည့်။Jongin စိတ်အတိုဆုံးသော အရာတွေထဲမှာ အိပ်နေသည်ကို အနှောင့်အယှက်ပြုခြင်းကလဲ တစ်ခုအပါအဝင်မို့ ခေါင်းအုံးနှင့် နားကို ပိတ်ထားပြီး ကြိတ်မှိတ်အိပ်နေမိသည်။စိတ်ထဲတွင်တော့ ထိုဆူညံသံကိုပြုလုပ်နေသည့်အရာကို ဆဲရေးတိုင်းထွာပြီးပြီ။ဘယ်အိမ်ကများ ဘယ်လောက်တောင် အိပ်နေလို့ bell သံမကြားရတာပါလိမ့်။
" တင်းတောင် ... တင်းတောင် ... တင်းတောင် "
" ဟာ စိတ်တိုလာပြီကွာ လူမှုရေးနားမလည်ဘူးလားမသိဘူး မနက်စောစောစီးစီး ဘယ်အိမ်ကလဲကွ "
မကြားနိုင်သည့် အပြင်လူကိုအော်ပြောနေမိသော်လည်း bell သံကရပ်မသွား။နီးကပ်စွာကြားနေရသည်မို့ ရုတ်တရပ်တွေးမိသွားတာက မိမိအိမ်ကများလားဟုပင်။လာစရာဧည့်သည်လဲ မရှိပါဘူး။Jongin မိဘတွေက Seoul တွင် လည်လို့ပတ်လို့ကောင်းတုန်းပင်။တစ်ယောက်ထဲ နေရသော သားအား စိတ်ပူပုံပင်မရ။Jongin ကလဲ မိဘမရှိသည့်အားလျော်စွာ လွတ်လပ်ရေးရနေသည်လေ။အခုလဲ ပိတ်ရက်မို့ အေးဆေးနေကာ နေမြင့်သည်အထိ အိပ်ရာမထနိုင်။ညက ရုပ်ရှင်ကားများ အကြည့်များသွားသည်လေ။
" တင်း ... တောင် "
ထမကြည့်မချင်း မရပ်တော့မည့် အခြေအနေမို့ Jongin အိပ်ရာမှထကာ ယိုင်တိုင်တိုင်နှင့်ပဲ အိမ်အောက်ထပ်ဆင်းလာလိုက်တော့မှ bell သံက ကိုယ့်အိမ်ကပါလားဟု သိလိုက်ရသည့်အဖြစ်။ဘယ်သူဘာလိမ့် ။လာစရာဧည့်သည် မရှိသည်မို့ ထူးဆန်းစွာနှင့်ပဲ တံခါးကိုဖွင့်ပေးလိုက်မိသည်။
မျက်စိရှေ့မြင်တွေ့နေရသည်က အဖြူအနီပန်းပွင့်များရောစပ်ထားသော ပန်းစည်းတစ်စည်း။ထိုပန်းစည်းနောက်တွင် လူတစ်ယောက်။ပန်းစည်းကထိုသူ၏မျက်နှာကိုကွယ်ထားနေလေရဲ့။Jongin လဲ စောစောစီးစီး ပန်းတစ်စည်းနှင့် အိပ်ပျက်အောင်လာလုပ်သူကို မကျေမနပ်ဖြင့် ဆူပုတ်စွာကြည့်နေမိလေသည်။
" ဘာကိစ္စလဲ "
Jongin အမေးကို တစ်ဖက်ကပြန်မဖြေ။ပန်းစည်းကိုလဲ မျက်နှာရှေ့ကမဖယ်ပေး။ငြိမ်သက်နေသော သူကိုကြည့်ရင်း Jongin စိတ်တွေတိုလာမိသည်။အိပ်ရေးမဝရင် လူတိုင်းလိုလို စိတ်တိုတတ်သည်မဟုတ်ပါလား။