(Zawgyi)
Gwangju မြို့လေးကို Yunho ခြေချမိတာနဲ့ လတ်ဆတ်တဲ့လေထုကို အရင်ဆုံးရှူရှိုက်မိလိုက်တယ်.... လမ်းမှာစုံစမ်းရသလောက်ကတော့ ဒီမြို့မှာမိဘမဲ့ကျောင်းဆိုလို့ တကျောင်းတည်းသာရှိတယ်တဲ့လေ... မြို့အစွန်ဘက်က ဘုရားကျောင်းနားမှာဖွင့်ထားတဲ့ ထိုမိဘမဲ့ကျောင်းလေးက တော်တော်လေးတောင်သက်တမ်းရှည်ကြာခဲ့ပြီ...
Yunho ကုန်းအမြင့်လေးပေါ်မှာတည်ရှိနေတဲ့ ဘုရားကျောင်းလေးပေါ်ကို တလှမ်းချင်းတက်လာခဲ့လိုက်တယ်... ဘုရားကျောင်းဆီကပျံ့လွင်လာတဲ့ ခေါင်းလောင်းထိုးသံကလဲ နားဝင်ပီယံရှိလှသေးတယ်... ကုန်းအမြင့်ပေါ်က ဘုရားကျောင်းရှေ့မြေကွက်လပ် မြက်ခင်းကျယ်ကြီးပေါ်မှာ ပြေးလွှားကစားနေတဲ့ အရွယ်စုံကလေးငယ်လေးတွေ....
"တယောက်မှမပြေးကြနဲ့ မိလို့ကတော့နော်"
"ခိခိ မကြောက်ဘူး ကျွန်တော်တို့ကို ရအောင်လိုက်ဖမ်းလေ"
Yunho အခုမှပဲ ရင်ထဲကအပူလုံးကြီးကျသွားတော့တယ်... ကလေးတွေကြားထဲမှာ အတူတူရောကစားနေတဲ့ ကလေးဗိုလ်ကြီးက သူအရမ်းချစ်ရတဲ့ Kim Jaejoong ပဲလေ... မျက်လုံးမှာအ၀တ်စည်းထားပြီး လက်မှာလဲပုဝါတစကိုကိုင်ကာ သူ့ကိုပတ်ပြေးနေကြတဲ့ ကလေးတွေကိုလိုက်ဖမ်းနေတဲ့ Jaejoong က ခုတော့လဲလွတ်လပ်ပေါ့ပါးနေပုံပါပဲ...
"ဒီပုတက်တက်ကလေးတွေ တော်တော်ဖမ်းရခက်နေပါလား"
ကလေးပဲအရပ်ပုမှာပေါ့ Jaejoong ရယ်... သူကလဲတော်တော်ရှည်တာဆိုတော့... အဖွဲ့ဝင်၃ယောက်ထဲမှာ သူအရပ်အပုဆုံးကို... ကလေးတွေကလဲသူ့ကို လာတို့ထိပြီးစလိုက် ထွက်ပြေးလိုက်နဲ့ ရယ်သံလေးတွေစည်ဝေနေလေတယ်...
Yunho ရှေ့တိုးသွားတော့ ကလေးတွေရုတ်တရတ်အံ့သြပြီး အသံတွေတိတ်ကျသွားတယ်... Yunho က နှုတ်ခမ်းပေါ်လက်ညှိုးတချောင်း ကန့်လန့်ဖြတ်တင်ကာ တိုးတိုးနေဖို့အချက်ပြလိုက်တယ်... လိမ္မာသိတတ်တဲ့ကလေးတွေကလဲ သူ့သဘောအတိုင်း အကုန်ပြုံးစိစိနဲ့အသံတိတ်နေကြတယ်လေ...
"Yahh ဘယ်ရောက်ကုန်တာလဲ အသံပေးကြလေ"
အသံတွေတိတ်ဆိတ်သွားတော့ Jaejoong လှမ်းအော်ရင်း မသင်္ကာတော့လို့ သူ့မျက်လုံးမှာစည်းထားတဲ့အ၀တ်ကို ဆွဲဖယ်ဖို့ကြိုးစားစဉ် အနောက်ကနေတစုံတယောက်ရဲ့ သိုင်းဖက်ခြင်းကိုခံလိုက်ရ၍ လက်တွေရပ်တန့်သွားရတယ်...