တစ်ကိုယ်လုံး မူးရစ်နုံးချာနေသော အာရုံနှင့် LuHan အိပ်ရာထဲသာ ခွေနေမိသည်။ နေ့တွေလည်း မသိ ၊ ညတွေလည်း မသိ ။ ဘယ်အချိန် ဘယ်အခါ မဆိုထားနှင့် ။
ဒီနေ့ဘယ်ရက်ဆိုသည်ကိုပင် သူခန့်မှန်းနိုင်ခြင်း မရှိပါလေ။သူ့အတွက် မျက်လုံးပွင့်လာလျှင်လည်း ထနိုင်သည့်အင်အားမရှိ ။ လှဲလျောင်းပြီး ကြာလျှင်လည်း သတိလစ်သည်လား အိပ်ပျော်သည်လား သူ့ကိုယ်သူ မသဲကွဲတဲ့အထိ ၊ ဤအလုပ်နှစ်ခုနှင့်သာ ပတ်ချာလည်ရိုက်လျက်ရှိသည်။
တစ်ခါတလေ သူနိုးလာလျှင် သူ့ခန္ဓာကိုယ်တွင် ချွေးထွက်နေသည်ကို ခံစားရမည်။ တစ်ခါတလေလည်း အေးနေသည်ပေါ့။ တစ်ခါတလေကျရင်လည်း တစ်ကိုယ်လုံး ဘယ်နားကပူလို့ ပူမှန်းမသိ ၊ ခံရခက်လှသည်။
သို့သော်လည်း သူ့တွင် အသံထွက်ဖို့တောင် အားမရှိ။သူ ဒီလောက်ခံစားနေရသည်ကိုတောင် တစ်လောကလုံး သတိမထားမိကြဘူးလား လို့တော့ သူယောင်လို့တောင်မတွေးမိပါချေ။
ဖြတ်သွားဖြတ်လာတွေရှိသော လမ်းကြားထဲ သူမေ့လဲနေခဲ့တုန်းကတောင် ထူမပေးခဲ့တဲ့သူ တစ်ယောက်တောင် မရှိဘူးမလား ?ိထိုသို့သူစိမ်းတွေကတောင် သူ့ကို လျစ်လျူရှုထားပြီးပြီပဲ ...
သူ့ကို မုန်းတီး အမြင်မကြည်တဲ့ အတန်းဖော် အတန်းသား ၊ အဆောင်ဖော်တွေဆီကတော့ သူ ဘာမျှော်လင့်လို့ရဦးမှာလဲ?
ပြောရမည်ဆိုလျှင် အခန်းတွင်း သူတိတ်တိတ်လေး သေသွားရင်တောင် ပျော်ရွှင်နေကြမဲ့ သူတွေချည်းပဲ ။"အဟွတ်...ဟွတ် "
အသံကမထွက်နိုင်တဲ့ကြားထဲ ချောင်းဆိုးရလျှင် LuHan ပင်ပန်းသည်။ ထိုသို့ ချောင်းဆိုးရမည့်အစား သူ အိပ်ပျော်(တစ်နည်း မေ့မြော)တာကမှ ခံရတော်သေးသည်ဟု LuHan တွေးမိသည်အထိ ။
သိပ်တော့မကြာ LuHan ဆုတောင်းပြည့်လေပြီ ...။ မှေးစင်းလာသော မျက်ခွံတို့က မကြာခင် LuHan ကို ခြောက်ခြားစေသော အိပ်မက်တို့ထဲသို့ အပြင်းခရီးနှင်စေဦးမည်။ ပြီးလျှင် သူလန့်နိုးလာမည်။ ခန္ဓာကိုယ်အနှံ့နာကျင်ခြင်းကို ခံစားရမည်။ ပြီးရင်တော့ သူထပ် အိပ်ပျော်သွားမည်။