" သား သူ့ကိုခိုးပြေးလာတာ "
" ဘုရားရေ "
ထိပ်လန့်အံဩသွားတဲ့ မားရဲ့အာမေဍိတ်သံနောက်မှာ ကျနော်တို့ဆုပ်ကိုင်ထားတဲ့လက်တွေ ပိုတင်းကျပ်သွားတယ်။
ဆိုးရွားစွာ ကျရောက်လာမယ့် ကံကြမ္မာကို ရင်ဆိုင်ဖို့အသင့်ပြင်ရင်း ...။" ရှင်းလေး ....သူက ဒီလေးမှတ်လား "
ခေါင်းငြိမ့်ပြပေမယ့် မလတ်မျက်လုံးတွေက သော်ဒီ့ဆီမှာသာ။
ပါးပါး မားမားနဲ့ မလတ်တို့ရဲ့ စူးစိုက်ကြည့်နေသော အကြည့်တွေအောက်မှာ စိုးရွံစွာရှိနေရပေမယ့် ကျနော်ကြောက်မနေပါဘူး။
ဆုပ်ကိုင်ထားတဲ့ လက်ကိုပို၍တင်းတင်းဆုပ်ရင်း ဘာတွေပြဲဖစ်လာလာ ဒီလက်ကိုမလွှတ်လိုက်ဘူးဆိုတာ သေချာအောင် ဖျစ်ညှစ်ကတိပေးမိသည်။" သား သေချာဆုံးဖြတ်ပြီးသွားပြီလား "
" သေချာဆုံးဖြတ်ပြီးလို့ ကျနော်တို့ခိုးပြေးလာပြီးပြီပဲ ..ပါးပါးသဘောမတူလဲ .."
" ငါမင်းကို မေးနေတာလား ရှင်း ...ငါ သူ့ကိုမေးနေတာ ၊ မင်းကိုမေးတာမဟုတ်ရင် ၀င်မဖြေနဲ့ "
" သူ့ကိုမေးလဲ ဒီအကြောင်းပဲမေးမှာပဲလေ ၊ ပါးပါးတို့သူ့ကို အမြင်မကြည်ပဲ ပြောဆိုကြမှာတွေ သားမလိုချင်ဘူး ၊ ဘာပဲဖြစ်ဖြစ် သားတို့ဆုံးဖြတ်ပြီးသွားပြီ ၊ ပါးပါးမေးချင်တာရှိရင်သားကိုမေးပါ "
" ရှင်းလေး ...ပါးပါးက လိုအပ်လို့မေးနေတာလေ "
" သားနာမည်က ..သော်ဒီခန့်နော် "
ဒီတစ်ခါတော့ ကိုယ့်ကိုသေချာကြည့်ကာ နာမည်နဲ့ပါ ဦးတည်လာပြီမို့ သော်ဒီ တိတ်နေလို့မရတော့။
" ဟုတ်ကဲ့ "
" ကဲ သားကို ပါးပါးထပ်မေးမယ် ၊ သားရော သေချာဆုံးဖြတ်ပြီးပြီလား "
" ဟုတ်ကဲ့ ၊ ဆုံးဖြတ်ပြီးပါပြီ "
" ဒါက သားတို့အတွက်လွယ်ကူချောမွေ့မယ့် လမ်းမဟုတ်ဘူးနော် "