တန်ဖိုးကြီး ဇိမ်ခံကားများစွာ ရပ်ထားသော ခြံဝန်းကျယ်ရှေ့မှာ ခြေစုံရပ်နေပေမယ့် မျက်လုံးများကတော့ လှုပ်လှုပ်ရှားရှား အလုပ်များနေကြသော အခန်းအနားပြင်ဆင်နေကြသူတွေကြား ဝေ့၀ဲရှာဖွေနေမိသည်။
သေစမ်း ၊ ငါဘာကြောင့် ဒီနေရာကိုရောက်လာရတာလဲ။
တကယ်ဆို အားလုံးကိုကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီးပြီမှတ်လား ၊
ဘာလို့များ ခြေလှမ်းတွေက ဒီနေရာထိ အရှက်မရှိကောက်လာရတာလဲ ။" သတင်းထောက်တွေအတွက်နေရာ စီစဉ်ထားပါတယ် ..သက်မှတ်နေရာကပဲ ဓာတ်ပုံ ၊ ဗွီဒီယို ရိုက်ခွင့်ရှိပါတယ်ခင်ဗျာ ၊ ဒီဖက်ကနေ သွားပေးပါ "
ခြံရှေ့က ရုတ်ရုတ်သဲသဲ လူတစ်စုသည် ၊ အထဲက ခွင့်ပြုချက်ရတာနဲ့ သူ့ထက်ငါ တိုးဝှေ့ရင်း သူ့ကိုယ်ပင်တိုးတိုက်သွားသေးသည်။
" ဒီမှာ ခင်ဗျ ၊ သတင်းထောက်ဆိုရင် ခြံထဲဝင်ပေးပါ ၊ ဒီမှာ ဖိတ်စာပေးခဲ့လို့ရပါတယ် "
" အော် ...အင်း "
အနားရောက်လာတဲ့ လူလက်ထဲဖိတ်စာထိုးထဲ့ပေးခဲ့ရင်း ယောင်နနနဲ့ သူအထဲရောက်လာသည်။
မင်း ဘာတွေလုပ်နေတာလဲ အရင့်ရောင် ၊ တကယ်လို့ ကောင်း မင်းကိုမြင်သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ ။
ဦးနှောက်က အကြိမ်ကြိမ်ငြင်းဆန်ရင်း ထွက်သွားဖို့ကြိုးစားပေမယ့် ခြေလှမ်းတွေကတော့ သူ့အမိန့်ကို ဖီဆန်စွာ ရှေ့ဆက်တိုးနေမိသည်။
နောက်ဆုံးပါ ၊ နောက်ဆုံးအနေနဲ့ သူဘ၀သစ်စတင်ခြင်းကို ဂုဏ်ပြုနှုတ်ဆက်ပေးရုံပါပဲ ။" မမနှောင်း ..ကိုကိုက ဘယ်သွားတာလဲဟင် "
" မမလဲမသိဘူး အဖြူလေးရဲ့ ၊ ဘာလို့လဲ "
" ကိုကိုသွားတာ ကြာလှနေပြီ ၊ နောက်ဆုံး ရထားနှစ်စီးပဲကျန်တော့တယ် ၊ မှီပါ့မလားမသိဘူး "
" လာတော့မှာပါ ၊ လာ ရထားမလာခင် တစ်ခုခုသွားစားထားရအောင် ၊ တော်ကြာ အဖြူလေး ရထားပေါ်ရောက်မှ ဗိုက်ဆာနေလိမ့်မယ် "