'မနက်ဖြန်ဆို ဆေးရုံဆင်းလို့ရပါပြီ'
'မြန်တယ်နော် ... အဲ ... ဟုတ်လား ဆရာကြီး'
စင် ယောင်ပြီးပြောလိုက်မိပြီးမှ စကားပြန်ပြင်ပြောရသည်။
မ,ကိုငမ်းချင်ဇော ... အဲလေ နေ့တိုင်းတွေ့ချင်ဇောများပြီး
လူကြီးကိုဆေးရုံမှာကြာကြာနေခိုင်းသလိုဖြစ်နေပါပြီ ...။
စင် ပဲ မာလကာသီးအစိတွေစားပစ်ပြီး ဆေးရုံရောက်အောင်
ခွင်ဖန်လိုက်ရင်ကောင်းမလား ... ဒါလည်းမဖြစ်သေးပါဘူး
ဆေးထိုးရမှာတောင်သေမလောက်ကြောက်နေတာ
ဗိုက်ခွဲခံရဖို့ကတော့ဘယ်လိုမှကိုသတ္တိမရှိတာ ... ဒီလိုနဲ့
မ,နဲ့ အဆက်အသွယ်ပြတ်သွားရင် ဘယ်လိုလုပ်မလဲ ...
ကြံစမ်း ... အကြံဉာဏ်ကောင်းတွေထွက်လိုက်စမ်း ...။
စင် တစ်ယောက် စဉ်းစားခန်းအကြီးကြီးဝင်ရပြီဖြစ်သည်။ဆေးရုံဆင်းရတဲ့နေ့ ...
'ဘာပစ္စည်းမှမကျန်ခဲ့ဘူးမလား'
'မီးပြန်သွားကြည့်လိုက်မယ်'
စင် ကိုယ့်အကြံနဲ့ကိုယ်မို့ လူနာခန်းထဲပြန်ဝင်လာခဲ့သည်။
အထဲရောက်တော့ ဖတ်လက်စ စာအုပ်ကို
အိတ်ထဲကထုတ်ပြီး ဘေးပတ်ဝန်းကျင်ကို မသိမသာ
ကြည့်လိုက်သည်။ အကုန်ကိုယ့်အလုပ်နဲ့ကိုယ်မို့
ဘယ်သူမှစင့်ကို ဂရုမစိုက်အားကြ ... ကြိုက်တယ် ...
ဒါမျိုးမှကြိုက်တာ ...။ စင် အကြံအတိုင်း စာအုပ်ကို
လူနာကုတင်ပေါ်တင်လိုက်သည်။ ဆရာဝန်တွေ
Roundတဲ့အချိန် မ,က ဆရာဝန်ကြီးနောက်ကရပ်တာ ...
ဘေးကုတင်ကနေကြည့်ရင် ဒီစာအုပ်ကို
ကွက်ကွက်ကွင်းကွင်းမြင်နိုင်သည်။ အရင်ရက်ထဲက
မ,အသွားအလာကိုကြည့်ပြီး ဒီအကြံထုတ်ထားရတာ
စင်တစ်ယောက်ထဲအကြံတော့မဟုတ်
နောက်ကွယ်ကလက်မဲကြီး သံသာလည်းပါသေးသည်။
မ,မတွေ့ခင်ဒီစာအုပ်ကို ဘယ်သူမှမတွေ့ဖို့ပဲလိုတာ
မ,ပဲတန်းတန်းမတ်မတ်တွေ့ ... ပြီးရင်ပြန်ပေးဖို့
စင့်ကိုဆက်သွယ် ... မ,နဲ့ထပ်တွေ့ ပြီးရင် နောက်ထပ်
တွေ့ရဖို့ခွင်ဖန် ... Life is so sweet တွေဖြစ် ...
အရှင်ဘုရား ဒီတစ်ခေါက်ကလွဲရင် ဘဝမှာ အိမ်ကို
မုန့်ဖိုးလိမ်တောင်းတဲ့ကိစ္စကလွဲပြီး ဘယ်သူ့ကိုမှဖိုးတွမ်တီး
မလုပ်ဖူးပါဘူးဘုရား ... ဤမှန်သောသစ္စာစကားကြောင့်
မ, ခွင်ထဲသို့တန်းတန်းမတ်မတ်ကြီးဝင်လာပါစေ ...။
စင် ခွင်ဖန်ပြီးတော့ခပ်တည်တည်နဲ့ပြန်ထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/187495229-288-k675689.jpg)