"ရေသူမရဲ့ အမြှီးကို ဘာအရောင်လုပ်ရင်ကောင်းမလဲ... ဟင်... ဟင်... ရွှေဝါရောင်က ကောင်းမလား စိမ်းပြာရောင်က ကောင်းမလား... နည်းနည်းလောက်ကူစဉ်းစားပေးဦး"
တစ်စောင်းမှောက်ထားရင်းနဲ့ ဘေးနားက ရင်ဘတ်ကို တဖောင်းဖောင်း လှမ်းပုတ်တော့ ငြိမ်သက်မှုတစ်ခုကိုပဲ လက်ဆောင်ပြန်ရတယ်။ ပေါ်တစ်ချက်ပျောက်တစ်ချက် ဖြစ်နေတဲ့ Cursor ကို မသိကျိုးကျွန် ပြုပြီး နံဘေး လှည့်ငေးတဲ့အခါ ကျေးဇူးရှင်ဟာ တရှူးရှူးနဲ့ အိပ်မောကျနေပြီ ဖြစ်တာမို့ မျက်မှောင်တွေ ဖျတ်ခနဲ ကြုတ်မိသွားတယ်။
"ဟဲ့ ဘာလို့ အိပ်နေတာလဲ... ထ... ရေသူမရဲ့ အမြှီးကို ဘာအရောင် လုပ်ရင် ကောင်းမလဲ ဝိုင်း စဉ်းစားပေးဦးလို့ဆို..."
အခုလက်ရှိအချိန်က မနက်ခင်း သုံးနာရီ။
ရင်ဘတ်ပေါ် ကျရောက်လာတဲ့ ရိုက်ချက်တွေ ပိုပြင်းထန်လာတာကို သိတော့ သူက အင်း ခနဲ ရွတ်ရင်း မျက်လုံးတွေကို လေးတိလေးကန် ဆွဲဖွင့်တယ်။
စာမရေးဖြစ်တဲ့ ညတွေဆို အိပ်မပျော်တဲ့ ဟောဒီလို မနက်ခင်း သုံးနာရီတိုင်းမှာ "3:00 AM" ကဗျာစာအုပ်ကို သူ့ရင်ခွင်ထဲ ဝင်ရင်း ကျွန်မ နားထောင်နေကျ။
အဲ့ဒီကဗျာစာအုပ်ထဲမှာဆို "To My Dear" ခေါင်းစဉ်ပါတဲ့ စာပိုဒ်တွေကို ကျွန်မ သိပ် သဘောကျတာ။ အဲ့ဒါကို သူကလည်းသိလို့ အဲ့ဒီစာအုပ် ဖတ်ရင် အဲ့ဒီစာပိုဒ်တွေကိုပဲ ရွေးရွေးပြီး ဖတ်ပြပေးတတ်တယ်။
သူ ပြောပြချင်နေတဲ့ စကားလုံးတွေ အဲ့ဒီစာပိုဒ်ထဲမှာ ပါလာရင် အဲ့ဒီစကားလုံးနေရာကို အသံမြှင့်ပြီး ဖတ်တယ်။ ပြီးရင် ကျွန်မ နှုတ်ခမ်းကို လှမ်းလှမ်း နမ်းတယ်။
သူ့ရဲ့ စာဖတ်သံသြသြတွေကို ဂရုတစိုက် နားထောင်နေရင်းကပဲ မနက်လေးနာရီလောက်ရောက်တဲ့အခါ သူ့ရင်ခွင်ထဲမှာ ကျွန်မ အလိုလို အိပ်ပျော်သွားရော။စာရေးတဲ့ညတွေဆိုရင်တော့ ဝတ္တုထဲ စျာန်ဝင်ရင် ဝင်နေသလောက် အိပ်ဖို့ကို လုံးလုံး အာရုံ မရောက်တော့တာကြောင့် တစ်ခါတစ်လေ ညနေ ခြောက်နာရီလောက်ကနေ မနက် ဆယ်နာရီလောက်အထိ Laptop တစ်လုံးနဲ့ စာထိုင်ရိုက်နေတာတောင်မှ ရှိတယ်။ အဲ့လိုအချိန်ဆိုလည်း သူဟာ အိပ်တလှည့် နိုးတလှည့်ဖြင့် ဘေးနားကနေ ကျွန်မကို တစ်လျှောက်လုံး စောင့်နေပေးတတ်သေးတယ်။ ဘာပဲဖြစ်ဖြစ် အဲ့လိုသူ့ကို ကျွန်မ သိပ်ချစ်တာ တစ်ခုတော့ သေချာသိတယ်။