ခေါင်းထဲမှာ ဘာမှ ရှိမနေတော့ဘူး။
မျက်စိတစ်မှိတ်အတွင်းမှာတင် အကုန်လုံး လစ်ဟာသွားတယ်။
အတွေးတွေ။ ခံစားချက်တွေ။ခြေထောက်နှစ်ဖက်ကို အရှေ့ မနည်း ရွှေ့နေရင်းကပဲ လှုပ်ရှားနိုင်စွမ်းတွေ ဝုန်းခနဲ ပျောက်ရှကုန်တယ်။
အဲ့လိုနဲ့ လမ်းပေါ် ထိုင်ရက်သား လဲကျတယ်။လက်ဖဝါးတွေ ပွန်းပဲ့သွားတယ်။
သွေးထွက်လာမှ နာရကောင်းမှန်း ပြန် သတိရတယ်။
ငိုရကောင်းမှန်းရော၊
ပြန်အော်ဟစ်ရကောင်းမှန်းရော၊
အဲ့ကျမှ တစ်ခါပြန်ပြီး အောက်မေ့လာတယ်။တစ်ဘဝလုံးမှာ အမြတ်နိုးဆုံး လူကို ဆုံးရှုံးရတာဟာ (ဆုံးရှုံးရလုဆဲဆဲ အခြေအနေဟာ) ဒီလိုမျိုးပါလား ဆိုတဲ့ ထိတ်လန့်စရာ အသိက နှလုံးသားကို စူးရှစွာ တုပ်နှောင်လိုက်တယ်။
အဲ့လောက်ထိ လုပ်စရာလိုလို့လား။
ဟင်။အဲ့လောက်ထိ၊ အဲ့လောက်ထိ ရက်စက်ဖို့ လိုလို့လား။
ဘာကြောင့် ပျော်ရွှင်စရာဇာတ်သိမ်းတွေကို ရဖို့က အဲ့လောက်ထိ ခက်ခဲနေရတာလဲ။
" ပရော်...Woo...hyun... Woohyun ရယ်... Nam Woohyun ရယ်... နင်..တကယ်... တကယ် ရူးနေတာမဟုတ်ဘူးလား "
ရုတ်ရုတ်သဲသဲဖြစ်နေတဲ့လူအုပ်ကြီးက ဆေးရုံကားကို ဖုန်းဆက်ခေါ်နေသံကြားတယ်။
လူတစ်ယောက် ကားတိုက်ခံလိုက်ရလို့ မြန်မြန် လာပေးပါ ဆိုပြီး တည်နေရာကို ပြောရင်း သူတို့က အော်ဟစ်နေကြတယ်။လမ်းမပေါ်မှာ ဒူးထောက်ထိုင်ချပြီး သူ့ခေါင်းတွေကို ကျွန်မရင်ဘတ်ထဲ ထည့်သွင်းပွေ့ဖက်ထားမိတယ်။
သူ့ကိုယ်ကအေးနေပြီ။
ဒါပေမယ့် သူ့သွေးတွေက နွေးနေတယ်။ကျွန်မတစ်ကိုယ်လုံးကတော့ တဆတ်ဆတ် တုန်ရီလို့။
" Dajeong ssi "
" စကားမပြောနဲ့ "
" Dajeong ssi "
" စကားမပြောနဲ့ Nam Woohyun "
သူက ရယ်တယ်။
ဖျော့ဖျော့လေး။ရပ်လိုက်လို့ မရတဲ့ ကျွန်မရဲ့ မျက်ရည်တွေက သူ့ပါးပြင်ပေါ် တတောက်တောက် ပြုတ်ကျနေတယ်။ သူဟာ လက်တွေကို ဆန့်ထုတ်ပြီး အဲ့ဒီ မျက်ရည်တွေကို သုတ်ပေးတယ်။