" Soo Ah ssi "
သိပ်ပြီး ဝံ့ရဲမနေတဲ့ အသံယိုင်ယိုင်တွေဟာ လည်ချောင်းထဲကနေ တိုးရှစွာ ခုန်ပေါက်ထွက်သွားတဲ့အခါ ကောင်မလေးက လှည့်ကြည့်တယ်။
ကောင်မလေးရဲ့ ချိုင့်ဝင်နေတဲ့ အဲ့ဒီမျက်လုံးတစ်စုံက တစ်ပတ်နီးပါးလောက် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ထားရကြောင်းကို တစ်ဖက်လှည့်နဲ့ အသည်းအသန် သက်သေပြနေသလို။" Soo Ah ssi ဟုတ်တယ်မလား "
သူမရဲ့လက်ကောက်ဝတ်ပေါ်က အစိမ်းရောင် ကျောက်လက်ကောက်ကို တစ်ချက် ငေးရင်း ပိုသေချာသွားအောင် အသံပြုမိတယ်။
သူမက ခေါင်းညိမ့်တယ်။
ပြီးတော့ ကျွန်မလက်ပေါ်မှာ အခြေတည်ထားတဲ့ သူမနဲ့ဆင်တူ ကျောက်လက်ကောက်ကို သတိထားမိသွားချိန်မှာ ခွန်အားမရှိတဲ့ မျက်လုံးနှစ်ဖက်က ပိုပြီး သိသိသာသာ နွမ်းလျသွားတယ်။" ရှင်လည်း ဒီကမ္ဘာကလူ မဟုတ်ဘူးကိုး "
ဘေးက ဖြတ်သွားတဲ့လူတွေ ကြားရင် ရယ်ချင်စရာ စကားတစ်ခွန်း ဆိုသော်လည်း ကျွန်မအတွက်ကတော့ နှစ်စက္ကန့်လောက် နွေးထွေးသွားရတယ်။
တကယ့်ကမ္ဘာကြီးထဲက လူသားတစ်ယောက်ဟာ ကျွန်မနီးတူပဲ ဟောဒီနေရာမှာ မတ်တပ်ရပ်နေသေးတယ် ဆိုတဲ့ အသိနဲ့။" Soo Ah ssi ကို ဒီအတောအတွင်း အမြဲ လိုက်ရှာနေခဲ့တာ
ကျွန်မတို့တွေ ဟိုကို ပြန်သွားနိုင်မယ့် နည်းလမ်းကို Soo Ah များ သိမလားလို့လေ "အက်ကွဲနေတဲ့ ဖျော့တော့တော့ နှုတ်ခမ်းလွှာတို့ကို Soo Ah က ကွေးညွတ်တယ်။
Soo Ah ရဲ့ ယင်း ခြောက်ကပ်ကပ် အပြုံးဟာ ကျွန်မကို စိတ်သက်သာရာရစေဖို့ ထုဆစ်ပေးလိုက်ခြင်း ဖြစ်ပုံမပေါ်။ ပူပန်မှုများသာ ရင်ဘတ်ထဲ ပိုမို လောင်ကျွမ်းသွားစေဖို့ တမင်တကာ ဖန်ဆင်းပေးလိုက်သလို ဖြစ်နေတယ်။
" ကျွန်မတို့တွေ ပြန်မသွားနိုင်ဘူး "
"..........."
Soo Ah ဟာ တဖြုတ်ဖြုတ် ကြွေကျလာသော မျက်ရည်စက်တစ်ချို့ကို ညိုမည်းနေတဲ့ မျက်ကွင်းတွေပေါ် သွန်းလောင်းပစ်လိုက်တယ်။
သူမ ပင်ပန်းနေပြီ။
ကျွန်မထက်တောင် ပိုပြီး သူမ တကယ်ကို အရမ်း ပင်ပန်းနေပြီ။
အဲ့ဒါကို ကျွန်မ ခံစားနေရတယ်။